၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်၊ ခေတ်မျက်လုံး။
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်ရှိ သုံးဆယ်မြို့ရဲစခန်းကို တော်လှန်ရေးရဲဘော်တွေက နိုဝင်ဘာလ (၂၀) ရက်နေ့ ည (၉) နာရီ (၁၂) မိနစ်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဒေသခွဲရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သုံးဆယ်မြို့ရဲစခန်းကို သာယာဝတီဂဌုန်တပ်ဖွဲ့နဲ့ သာယာဝတီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ “ ၁၀၂၇ စစ်ဆင်ရေး” ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ ပဲခူးတိုင်းနန်းထိုက်အောင်စစ်ဆေးရေးအဖြစ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တော်လှန်ရေးရဲဘော်တွေက သုံးဆယ်မြို့ရဲစခန်း အပေါက်ဝကင်းဂိတ်ကို လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ တံခါးတွေ မီးတွေပိတ်ကာ ကြောက်လန့်တကြားပြေးလွှားခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ဆင်ရေးမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် (၁)ဦး အနည်းဆုံးသေဆုံးနိုင်ကာ ထိခိုက်သေဆုံးမှု နောက်ဆက်တွဲကို ဆက်လက်အတည်ပြုနေပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပစ်ခတ်ခံရပြီးနောက်မှသာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ရမ်းသန်းပစ်ခတ်ခဲ့ပြီး သုံးဆယ်မြို့ပေါ်က ရန်ကုန်-ပြည် ကားလမ်းမပေါ်ရှိ ခရီးသွားပြည်သူတွေရဲ့ ကားတွေကို လိုက်လံစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီနဲ့ ၎င်းရဲ့ထောက်တိုင်မှန်သမျှကို တိုက်ခိုက်ချေမှုန်းသွားမယ်လို့လည်း တော်လှန်ရေးရဲဘော်တွေရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။