တီမောသမ္မတက ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာပြည်သူတွေအတွက် ထိရောက်တဲ့ အကူအညီများ အမြန်ဆုံး ရရှိစေဖို့ နိုင်ငံတကာကို တိုက်တွန်းပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
တီမောလက်စတေးနိုင်ငံရဲ့ သမ္မတ Jose Ramos-Horta က (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ခဲ့ပြီး မိန့်ခွန်းမှာ မြန်မာအရေး ပြောဆိုခဲ့တာကို NUG က ဒီကနေ့ စက်တင်ဘာလ (၂၂) ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့ပြင် စက်တင်ဘာလ (၂၁)ရက်နေ့က နယူးယောက်မြို့မှာ တီမောသမ္မတနဲ့ NUG ဝန်ကြီးတွေဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဆက်သွယ်ရေးဝန်ကြီး ဦးထင်လင်းအောင်နဲ့ ဒုဝန်ကြီးတွေဖြစ်တဲ့ ဦးမိုးဇော်ဦး၊ ဦးအောင်ကျော်မိုးတို့အပြင် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီလို တီမောသမ္မတနဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့တို့ရဲ့ တွေ့ဆုံခဲ့စဉ်မှာ မြန်မာ့နွေဦးတော်လှန်ရေးနဲ့စပ်လျဉ်းပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
စက်တင်ဘာလ (၂၀)ရက်နေ့ကလည်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ NUG ကိုယ်စားလှယ်အဖွဲ့နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ နယူးယောက်မြို့မှာ တွေ့ဆုံခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။