မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ နေအိမ် (၂၇၇၄) ၊ စာသင်ကျောင်း (၁၈၅) အပါအဝင် ဘာသာရေးအဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က မတ် (၂၃) ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဘာသာရေးအဆောက်အအုံပေါင်း (၁၀၂) လုံး၊ ကျန်းမာရေး အဆောက်အအုံပေါင်း (၁၂) လုံး၊ စပါးကျီ (၂၅၉) လုံးနဲ့ အခြား အဆောက်အအုံပေါင်း (၆) လုံးအထိ ထိခိုက်ဆုံးရှုံးခဲ့ရသလို ကျေးရွာချင်း ဆက်ထားတဲ့လမ်းတွေ မြေပြိုပိတ်ဆို့တာတွေ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။
ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ကျွဲ၊နွား အကောင် ၅၀ ကျော်နဲ့ ကြက်၊ဝက်၊ ဘဲ၊ဆိတ် အကောင်ရေ စုစုပေါင်း ၁၉ ကောင် အထိ ဆုံးရှုံးခဲ့တယ်လို့ မေလ ၂၃ရက်နေ့အထိ လူသားချင်း စာနာထောက်ထားရေး နှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး တာဝန်ခံတွေက ထပ်မံပေးပို့လာတဲ့ ချင်းပြည်နယ်အတွင်းက မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု အချက်အလက်တွေကို စုစည်းထုတ်ပြန်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ်ရှိ မိုခါဆိုင်ကလုန်းမုန်းတိုင်းကြောင့် ပျက်စီးသွားတဲ့ ဒေသတွေအတွက် ဆန်ရိက္ခာတွေနဲ့ အခြေခံစားသောက်ကုန်တွေအပြင် အခြေခံအိမ်သုံးဆေးဝါတွေ လိုအပ်လျက် ရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီထောက်ပံ့ပစ္စည်းတွေ အရေးပေါ် လိုအပ်နေတာကြောင့် ထောက်ပံ့ကူညီပေးလိုတဲ့ ပြည်တွင်းပြည်ပရှိ အလှူရှင် အဖွဲ့အစည်းတွေအနေနဲ့ [email protected] နဲ့ ဆစ်ဂနယ်နံပါတ်ဖြစ်တဲ့ +95954633936 ကို ချိတ်ဆက်ကူညီထောက်ပံ့ပေးနိုင်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
Era’sEyes /Photo – ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ