၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်၊ ခေတ်မျက်လုံး။
လောက်ကိုင်ဒေသက စစ်ဘေးရှောင်ပြည်သူ (၃၀၀၀)ကျော်ကို ချင်းရွှေဟော်ဒေသကတစ်ဆင့် လုံခြုံဘေးကင်းတဲ့နေရာကို ပြောင်းရွှေ့ပေးခဲ့တယ်လို့ ကိုးကန့်တပ် (MNDAA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
နိုဝင်ဘာလ (၂၂) ရက်ကနေ (၂၃) ရက်အထိ စစ်ဘေးရှောင်ပြည်သူ (၃၀၀၀) ကျော်ကိုပြောင်းရွှေ့ပေးခဲ့တဲ့အထဲမှာ (၉၀)ရာခိုင်နှုန်းဟာ ဗမာလူမျိုးတွေဖြစ်ကြပြီး အောက်မြန်မာပြည်ကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
MNDAA အနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို အန္တရာယ်ကင်းတဲ့လမ်းကြောင်းတွေ ဖွင့်ပေးတဲ့အပြင် လူမျိုးမခွဲဘဲ ကူညီပြောင်းရွှေ့ပေးခဲ့ကာ စက်သုံးဆီအပါအဝင် ဆေးကုသပေးတာ၊ ရေနဲ့ စားသောက်ကုန်တွေ ထုတ်ဝေတာနဲ့ အရေးကြီးအခက်အခဲတွေကို ဖြေရှင်းပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ကိုးကန့်ရုပ်သေးအဖွဲ့ဟာ လောက်ကိုင်ဒေသကို ဆက်လက်ထိန်းချုပ်နိုင်ဖို့ ဒေသခံတွေကို မြို့ထဲ ပိတ်ဆို့စေခဲ့ကာ လူသားဒိုင်းလုပ်ပြီး အနောက်ကနေ ခိုးကြောင်ခိုးဝှက်နဲ့ တန်ပြန်တိုက်ခိုက်ခဲ့တယ်လို့ MNDAA က ပြောဆိုထားပါတယ်။
ဒါ့ပြင် MNDAA က ပိတ်ဆို့နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ချင်းရွှေဟော်ဘက် ကယ်ထုတ်နေချိန်မှာ စစ်ကောင်စီနဲ့ ကိုးကန့်ရုပ်သေးအဖွဲ့က လောက်ကိုင် တုန်းချိန်ဒေသ လေးမျက်နှာစေတီပေါ်ကနေ ပစ်ခတ်ခဲ့တာကြောင့် တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
နိုဝင်ဘာ (၂၂) ရက်က လောက်ကိုင်မှာ အရပ်ဘက်ကားတစ်စီး လက်နက်ကြီးပစ်ခတ်ခံရကာ ကလေးငယ်အပါအဝင် (၁၄)ဦးသေဆုံးခဲ့တဲ့ ဖြစ်ရပ်အပေါ် နှစ်ဖက်အဖွဲ့တွေက အပြန်အလှန်ငြင်းဆိုခဲ့ကြကြောင်း ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။