စစ်ကောင်စီထုတ်တဲ့ တရားမ၀င် နှစ်သောင်းတန်ငွေစက္ကူတွေကို ပုဂ္ဂလိကဘဏ်တွေနဲ့ ငွေကြေး၀န်ဆောင်မှုလုပ်ငန်းတွေမှာ သုံးစွဲခြင်းမပြုဖို့ NUG က ဒီကနေ့ ဩဂုတ်လ (၂၄) ရက်နေ့မှာ တားမြစ်မိန့် ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အနေနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုတွေကို တားဆီးနှိမ်နှင်းဖို့ရည်ရွယ်ပြီး အခုလို အမိန့်ထုတ်ပြန်ကြေညာတာဖြစ်တယ်လို့ ဆိုပါတယ်။
တရားမဝင်နှစ်သောင်းတန် ငွေစက္ကူတွေ လက်ဝယ်ထားရှိတာ၊ အရောင်းအဝယ်ပြုလုပ်တာ၊ တနည်းနည်းနဲ့ လွှဲပြောင်းတာတို့ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအခန်း(၁၂)မှာ ဖော်ပြထားတဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုတွေကို ကျူးလွန်ရာရောက်တယ်လို့ ဖော်ပြထားပါတယ်။
ပြည်သူတွေအနေနဲ့လည်း တရားမဝင်နှစ်သောင်းတန်ငွေစက္ကူတွေကို အသိအမှတ်ပြု လက်ခံသုံးစွဲတဲ့ ဘဏ်တွေနဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကို အထောက်အထားနဲ့တကွ အသိပေးတိုင်ကြားကြဖို့ တိုက်တွန်းထားပါတယ်။
တားမြစ်မိန့်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့အညီ တားဆီးနှိမ်နှင်းအပြစ်ပေးအရေးယူသွားမယ်လို့ ကြေညာချက်မှာ ပြောဆိုထားချက်အရ သိရပါတယ်။
Era’sEye\News