၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်၊ ခေတ်မျက်လုံး။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ မြစ်သာဆည်က စစ်တပ်စခန်းကို ဒီနေ့ ဒီဇင်ဘာလ (၂၂) ရက်နေ့ မနက်မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
ချင်းပြည်နယ်နဲ့ မကွေးတိုင်းနယ်စပ်မှာရှိတဲ့ မြစ်သာဆည် ဓါတ်အားပေးစက်ရုံအနီးမှာ အင်အား ၄၀ခန့်နဲ့ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဒီနေ့ ဒီဇင်ဘာလ (၂၂) ရက်နေ့ မနက်မှာ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲမှာ ညီနောင်မဟာမိတ် (၅) ဖွဲ့ဖြစ်တဲ့ ZZLMS (Zotung, Zophei, Lautu, Mara, Senthang)၊ CDF-Mindat, CDF-KKG, PDF ပူးပေါင်းတပ်ဖွဲ့တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီက ဂျက်လေယာဥ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် တပ်ဖွဲဝင်အချို့ဒဏ်ရာရပြီး CDF-Mindat က စစ်ကြောင်းမှူး တမ်လိန်း ကျသွားတယ်လို့ CDF-MIndat က ရဲဘော်တဦးဆီက သိရပါတယ်။ ဒီလအတွင်းတိုက်ပွဲတွေမှာ CDF-Mindat က ရဲဘော် ၄ ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ပူးပေါင်းတပ်ဖွဲ့တွေက စခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပြီး ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။
အဲ့ဒီမြစ်သာဆည်မှာ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးကာလအတွင်းမှာ တပ်စွဲထားဖြစ်တယ်လို့ သိရပါတယ်။