၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်၊ ခေတ်မျတ်လုံး။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)ကို ဖျက်သိမ်းကြောင်း NUG က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
UMFCCI ဟာ စီးပွားရေးလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းတစ်ခုအနေနဲ့ အများပြည်သူအကျိုးကို ဦးစားပေးဖို့ တာ၀န်ရှိပေမယ့် စစ်ကောင်စီနဲ့ပူးပေါင်းပြီး ရာဇ၀တ်မှုတွေကို တိုက်ရိုက်ကျူးလွန်တာ၊ နည်းလမ်းအမျိုးမျိုးနဲ့ ကျူးလွန်နေတာတွေကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
UMFCCI အနေနဲ့ စစ်ကောင်စီရဲ့ စစ်ရာဇ၀တ်မှုကျူးလွန်တာ၊ လူမျိုးတုန်းသတ်ဖြတ်တာတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ငွေကြေးထောက်ပံ့ကူညီတာနဲ့ ပူးပေါင်းပါ၀င်ဆောင်ရွက်တာအပြင် အလုပ်သမားအခွင့်အရေးချိုးဖောက်တာတွေကို တွေ့ရှိရတာကြောင့် ဖွဲ့စည်းပုံနဲ့တကွ ဖျက်သိမ်းတာလို့ ရေးသားထားပါတယ်။
အခုအမိန့်ထုတ်ပြန်တဲ့ ဒီဇင်ဘာလ (၂၄)ရက်ကစပြီး အသင်းချုပ်ရဲ့ ပိုင်ဆိုင်မှုနဲ့ ဘဏ္ဍာငွေတစ်စွန်းတစ်စကိုမျှ ထုတ်နုတ်သုံးစွဲတာ မပြုဖို့ NUG က တားမြစ်ထားပါတယ်။
အမိန့်ထုတ်ပြန်ပြီးနောက် အဲ့ဒီအဖွဲ့အစည်းမှာ ဆက်လက်ပါ၀င်လုပ်ကိုင်တာ၊ ပူးပေါင်းလုပ်ဆောင်တာ၊ ပိုင်ဆိုင်မှုနဲ့ ဘဏ္ဍာငွေတွေကို ဆက်လက်သုံးစွဲတာအပြင် အသင်းချုပ်အမည်နဲ့ ဆက်လက်လုပ်ဆောင်တဲ့ လုပ်ငန်းရှင်တွေ၊ ၀န်ထမ်းတွေ စသူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။