၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်၊ ခေတ်မျတ်လုံး။
ဒီဇင်ဘာလ (၂၃)ရက်နေ့က အရာတော်မြို့နယ်ရှိ နောင်ကြီးအိုင်ရဲစခန်းကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေ စခန်းစွန့်ခွာထွက်ပြေးသွားကြတယ်လို့ MOD ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီနောင်ကြီးအိုင်ရဲစခန်းမှာ စက်တင်ဘာလ (၁၀)ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ တပ်စွဲအခြေချကာ ကျေးရွာတွေကို မီးရှို့တာ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ ပစ္စည်းခိုးယူတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
နို၀င်ဘာလ (၂)ရက်ကစပြီး ပြည်သူတွေကို ဘေးလွတ်ရာပြောင်းရွှေ့ပေးခဲ့ကာ စစ်ကောင်စီတပ်သားနဲ့ ရဲ ပူးပေါင်းအင်အား (၃၂)ဦးနဲ့ တပ်စွဲထားတဲ့ နောင်ကြီးအိုင်ရဲစခန်းကို တော်လှန်ရေးရဲဘော်တွေက စုပေါင်းဝိုင်း၀န်းပိတ်ဆို့ပြီး နေ့ညမပြတ် တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလိုတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သားနဲ့ ရဲ (၁၈)ဦးခန့်သေဆုံးပြီး စစ်ရေးဖိအားကြောင့် နောင်ကြီးအိုင်ရဲစခန်းကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေ စခန်းစွန့်ခွာထွက်ပြေးသွားကြတယ်လို့ ရေးသားထားပါတယ်။
နောင်ကြီးအိုင်ရဲစခန်းကို အရာတော်မြို့နယ်(ပကဖ) တိုက်နယ် ၁/၂/၃/၄/၅/၆/၇/၈ တာဝန်ခံတွေနဲ့ ရဲဘော်တွေ၊ PDF မုံရွာခရိုင် တပ်ရင်း ၆/၁၈/၁၉/၂၄/၂၆ တပ်ရင်းက ရဲဘော်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။