ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို Paungde-PDF က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်၂ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဇွန်လ ၂၅ရက်နေ့ နံနက် ၁၀နာရီ ၁၅မိနစ်အချိန်က ပေါင်းတည်မြို့နယ်ရှိ သစ်ပုတ်အုပ်စု၊ လက်ပံခုံကျေးရွာနဲ့ မအူကွင်းကျေးရွာကြား ကျွန်းပင်ဘုအနီးရှိ ယာတဲ ၂လုံးမှာ နားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PPDF)ရဲ့ ၃၆၀၁ တပ်ရင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
ထိုတိုက်ခိုက်မှုအတွင်း Paungde-PDF(၃၆၀၁ PPDF)တပ်ရင်း အဖွဲ့(၁) Tiger စစ်ကြောင်းက အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ၂ဦးနေရာမှာပင် သေဆုံးခဲ့ပြီး ၄ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကာ တိုက်ပွဲဖြစ်ပွားချိန် ၁၀မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
PPDF ရဲဘော်များအနေနဲ့ အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပြီး စကစတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီးနောက် ၎င်းတို့နေခဲ့တဲ့နေရာမှာ MA3 ကျည်ဘောက် ၁ခုစက်ကလေးကျည်ဘောက်(၁)ခု 5.56 ကျည်ထောင့် ၂၀နဲ့ စခယူနီဖောင်း၊ အရပ်ဝတ်နဲ့ သွေးစွန်းနေသော ပတ်တီးစများကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က ဒဏ်ရာရရှိခဲ့သူများကို သစ်ပုတ်အထိုင်စခန်းသို့ သယ်ဆောင်သွားခဲ့ပြီး ညနေပိုင်းမှာ မုတ္ထိုင်ဘက်ကနေ Faw ကားဖြင့် လာရောက်သယ်ဆောင်သွားခဲ့တယ်လို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။
Era’sEye