နှစ်သောင်းတန် ငွေစက္ကူထုတ်တဲ့အပေါ် ဝေဖန်တာက စီးပွားရေး ကမောက်ကမဖြစ်အောင် နိုင်ငံရေးအရ တိုက်ခိုက်တာလို့ စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
ယခုလကုန်မှာ ထုတ်ဝေဖို့စီစဉ်နေတဲ့ နှစ်သောင်းတန် ငွေစက္ကူအပေါ် ဝေဖန်တာတွေကို စစ်ကောင်စီဥက္ကဌက ဇူလိုင်လ ၂၆ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ စီးပွားရေးရာကော်မတီအစည်းအဝေးအတွင်း ယခုလို ပြောဆိုခဲ့တာပါ။
ယခုကဲ့သို့ နှစ်သောင်းတန်ငွေစက္ကူ ထုတ်ခဲ့တာကြောင့် ငွေကြေးဖောင်းပွမှု လုံးဝဖြစ်ပေါ်စေမှာမဟုတ်ဘဲ နိုင်ငံအနေနဲ့ ဘဏ္ဍာငွေ လိုအပ်ချက်မရှိဘူးလို့ ဆိုပါတယ်။
နှစ်သောင်းတန်ထုတ်လုပ်ခြင်းက အထိမ်းအမှတ်အဖြစ် ထုတ်ခဲ့တာသာဖြစ်ပြီး နိုင်ငံအတွင်း ငွေကြေးလည်ပတ်မှုအနေနဲ့ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်တယ်လို့ ထပ်မံပြောဆိုထားပါတယ်။
စစ်ကောင်စီကထုတ်ဝေမယ့် နှစ်သောင်းတန်ငွေစက္ကူကို တရားမဝင်အဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့မှာ ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။
#Era’sEye