ဒဏ်ရာကြောင့် ကာလရှည်အနားယူနေခဲ့ရတဲ့ မန်ယူကွင်းလယ်လူ အဲရစ်ဆင်ဟာ လက်ရှိမှာ ဒဏ်ရာသက်သာကောင်းမွန်လာပြီဖြစ်လို့ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပါတယ်။ အဲရစ်ဆင်ဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဇန်နဝါရီ လကတည်းက အနားယူနေခဲ့ရတာဖြစ်ပြီး အခုတော့ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်လို့ လာမယ့် ဧပြီလအတွင်းမှာ မန်ယူအသင်းအတွက် ပြန်ကစားပေးနိုင်ဖွယ်ရှိနေတာပါ။

အသက် ၃၁ နှစ်အရွယ် အဲရစ်ဆင်ဟာ ဒိန်းမတ်အသင်းရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲတွေကိုလည်း လွဲချော်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကတော့ အဲရစ်ဆင်က သူ့ရဲ့ အင်စတာဂရမ်စာမျက်နာပေါ်မှာ အရင်က သူ့ရဲ့ခြေထောက်ကို အကာအရံတွေနဲ့ တပ်ဆင်ထားရပေမယ့် အခု ဘောကန်ဖိနပ်ပြန်စီးနိုင်ပြီဆိုတဲ့ ဓါတ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။

အဲရစ်ဆင်အနေနဲ့ လက်ရှိမှာ မန်ယူအသင်းနဲ့ ပြန်လည်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေပြုလုပ်နေပြီး လာမယ့်ဧပြီလအတွင်း ပြန်ကစားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ အဲရစ်ဆင်ဟာ ဒီရာသီမှာ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၃၁ ပွဲကစား ၉ ဂိုးဖန်တီးကာ ၂ ဂိုးသွင်းယူပေးထားသူဖြစ်ပါတယ်။
မန်ယူအသင်းမှာ အဲရစ်ဆင် ပြန်ကစားနိုင်ဖို့ နီးစပ်နေပေမယ့် ဘရာဇီးကွင်းလယ်လူ ကက်စ်မဲရိုးကတော့ ဆောက်သမ်တန်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲက အနီကတ်ပြစ်ဒဏ်ကြောင့် ၄ ပွဲပယ်ပြစ်ဒဏ်ကျခံနေ ရဆဲဖြစ်ပါတယ်။