၂၀၂၃ ခုနှစ် ၊ ဇွန် (၂၈)ရက် ၊ ခေတ်မျက်လုံး။
ဇွန်လအတွင်း နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးခံရမှုသည် စုစုပေါင်း ၁၄၀ဦးအထိရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဇွန်လ ၁ရက်နေ့မှ ဇွန်လ ၂၇ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးမှုအခြေအနေနဲ့စပ်လျဉ်းပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ဇွန်လ ၂၇ရက်နေ့မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။

ထိုသို့ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးမှု ၁၄၀အနက် အမျိုးသမီး ၂၃ဦးနဲ့ အမျိုးသား ၁၁၇ဦးဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ ဖမ်းဆီးခံရသူ စုစုပေါင်း ၄၆ဦးရှိတယ်လို့ ဆိုပါတယ်။
ဇွန်လအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်ခံ တရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ် ချမှတ်ခံထားရသူ အမျိုးသမီး ၁၅ဦးနဲ့ အမျိုးသား ၆၆ဦးဖြင့် စုစုပေါင်း ၈၁ဦးရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၇၀ဦးဖြင့် အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ထို ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ၈၁ဦးမှာ အကြမ်းဖက်မှုပုဒ်မ၊ ရာဇသတ်ကြီးပုဒ်မ စသည့် မတရားသော ပုဒ်မအမျိုးမျိုးဖြင့် နှစ်ရှည်ထောင်ဒဏ် ထပ်မံချမှတ်ခံထားရသူ ၄ဦးပါဝင်တယ်လို့ AAPP က ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူများနဲ့ ပြည်သူများရဲ့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း ၃၇၀၉ဦးရှိပြီး ဖမ်းဆီးခံရသူ ၂၃၆၂၉ဦးရှိတာလည်းဖြစ်ပါတယ်။