၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်၊ ခေတ်မျက်လုံး။
စစ်အုပ်စုလက်အောက်က ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ကျန်ရှိသူတွေအနေနဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့အတူ လက်တွဲရပ်တည်ဖို့ အချိန်ကျနေပြီလို့ NUG နဲ့ မဟာမိတ်အဖွဲ့တွေရဲ့ မနေ့က တိုက်တွန်းထားချက်အရ သိရပါတယ်။
စစ်အုပ်စုလက်အောက်ခံ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တွေ အားလုံးအနေနဲ့ သားစဉ်မြေးဆက်အထိ လူဖြစ်ရှုံးကာ သမိုင်းတရားခံဖြစ်စေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဆက်လက်သစ္စာခံနေတာကို ရပ်တန်းကရပ်ဖို့ ဆိုထားပါတယ်။
စစ်ခေါင်းဆောင်တွေက ရှေ့တန်းရောက်တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေကို လုံလောက်တဲ့ စစ်ကူထောက်ပံ့နိုင်တာတွေ မရှိတော့ဘဲ မျှော်လင့်ချက်အမှားတွေပေးကာ သေတွင်းထဲ အတင်းအဓမ္မတွန်းပို့နေတယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် အခုအခါ စစ်ဆေးဆရာဝန်တွေ၊ သူနာပြုတွေ၊ ယာဉ်ထိန်းရဲတွေပါမချန် ပြည်သူကို ရန်ဖက်ပြုဆင်နွှဲနေတဲ့ တိုက်ပွဲရှေ့တန်းတွေကို စေလွှတ်လာတာကို တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။
စစ်မြေပြင်မှာ တော်လှန်ရေးအင်အားစုတွေဆီ လက်နက်အပ်နှံပြီး ပြည်သူကိုသာ သစ္စာခံမယ့်အကြောင်း သဘောထားဖော်ပြလာသူတွေကို ဖမ်းဆီးနှိပ်စက်တာမပြုဘဲ မိသားစုထံ ပြန်လိုပါက ကူညီစီစဉ်ပေးမယ်လို့ ပြောဆိုထားပါတယ်။
ပြည်သူ့နွေဦးတော်လှန်ရေး (၃) နှစ်ခန့်ကာလမှာ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့စစ် စုစုပေါင်း (၁၄၀၀၀) ကျော်ရှိပြီဖြစ်ကာ ၎င်းတို့အားလုံး မိသားစုဝင်တွေနဲ့အတူ ဘေးကင်းလုံခြုံရာနေရာမှာ လူ့ဂုဏ်သိက္ခာရှိစွာနဲ့ ဖြတ်သန်းရှင်သန်နေပြီလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။