ဒီဇင်ဘာလ (၂၈)ရက်။
ကရင်ပြည်နယ်၊ ကော့ကရိတ်တစ်မြို့လုံးအတွင်း စစ်ဘေးရှောင်ပြည်သူ (၃)သောင်းကျော်အထိရှိနေပြီဖြစ်တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကော့ကရိတ်က ဒေသခံတွေသာမက မြို့နယ်တိုင်းက ဒေသခံတွေဟာ စစ်အာဏာသိမ်းတာကြောင့် ဆင်းရဲဒုက္ခများစွာ ကြုံတွေ့ကြရတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာတွေ လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်တာတွေကြောင့်လည်း အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ကြရတယ်လို့ ဖော်ပြထားပါတယ်။
အခုအချိန်မှာ ကော့ကရိတ်မြို့အတွင်း စစ်ဘေးရှောင်ပြည်သူ (၃)သောင်းကျော်ရှိနေပြီး အရေးပေါ် စားနပ်ရိက္ခာတွေ ထပ်မံလိုအပ်နေတယ်လို့ KNU က ပြောဆိုထားပါတယ်။
ဒီဇင်ဘာလ (၂၆)ရက်နဲ့ (၂၇)ရက်နေ့က ကော့ကရိတ်မြို့ထဲက စစ်ဘေးရှောင်ပြည်သူတွေအတွက် ကရင်အရပ်ဘက်အဖွဲ့အစည်းတွေက အခြေခံစားနပ်ရိက္ခာတွေ သွားရောက်ကူညီထောက်ပံ့လှူဒါန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ ဒူးပလာယာခရိုင် ကျန်းမာရေးနဲ့ ကယ်ဆယ်ရေးဌာနကလည်း ပူးပေါင်းပါဝင်ကာ ဒုတိယအကြိမ်အနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးဝါးကုသတာတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။