၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်၊ ခေတ်မျက်လုံး။
ကျောက်မဲမြို့နယ်ရှိ အေးရှားဝေါတိုးဂိတ်ဘက် စစ်ကောင်စီတပ်က နိုဝင်ဘာလ (၂၈)ရက် နံနက် (၈)နာရီခန့်က လက်နက်ကြီးနဲ့ (၁၇) ကြိမ် ပစ်ခတ်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကျောက်မဲရှိ အေးရှားဝေါတိုးဂိတ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် (TNLA) တို့အကြား နိုဝင်ဘာလ (၂၇) ရက်နေ့ ညပိုင်းကစပြီး တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် တိုးဂိတ်အနီးရှိ တွဲကား (၂) စီးနဲ့ ဆီဆိုင်တစ်ဆိုင် မီးလောင်ပျက်စီးခဲ့တယ်လို့ TNLA က ဖော်ပြထားပါတယ်။
အင်အား (၁၀၀)ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကျင်သီတံတားကို ပြုပြင်ဖို့ လာတဲ့အချိန် TNLA က လိုက်လံတိုက်ခိုက်ခဲ့တာကြောင့် ကျင်သီတံတားကနေ ကျောက်မဲမြို့အထွက် အေးရှားဝေါတိုးဂိတ်မှာ တပ်စွဲခဲ့တာပါ။
ဒါ့ပြင် မူဆယ်မြို့ (၁၀၅)မိုင်က စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာလ (၂၈) ရက်နေ့က ကိုးကန့်တပ် (MNDAA) နဲ့ တအာင်းတပ်မတော် (TNLA)တို့ ပူးပေါင်းပြီး နှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။