ပြင်သစ်ထိပ်တန်းသတင်းစာ L’Equipe ဟာ ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံးထိပ်ဆုံးကစားသမား ၅ ဦးစာရင်းကို ထုတ်ပြန် ကြေညာခဲ့ရာမှာ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက အသင်းဖော် ဟာလန်းကို ကျော်ဖြတ်ပြီး ထိပ်ဆုံးက ရပ်တည်နေပါတယ်။ L’Equipe သတင်းစာဟာ ကစားသမားတွေရဲ့ မူရင်းလစာတွေကို ဖော်ပြခဲ့တာဖြစ်ပြီး အဲဒီစာရင်းအရ ဘယ်ဂျီယံနဲ့ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက တစ်ပတ်လုပ်ခလစာ ပေါင် ၄၂၅၀၀၀ နဲ့ တစ်လလစာ ပေါင် ၁.၇ သန်းရရှိနေတာဖြစ်ပါတယ်။
ဒုတိယနေရာမှာတော့ မန်စီးတီးတိုက်စစ်မှူး ဟာလန်းက တစ်ပတ်လုပ်ခလစာပေါင် ၄၀၂၅၀၀ နဲ့ တစ်လ လုပ်ခလစာအဖြစ် ပေါင် ၁.၆၀၉ သန်းရရှိနေတာဖြစ်ပါတယ်။ ဟာလန်းနဲ့အတူ မန်ယူအသင်းဂိုးသမားဒီဂီယာကလည်း တစ်ပတ်လုပ်ခလစာပေါင် ၄၀၂၅၀၀ ရရှိနေပါတယ်။ နောက်ထပ်လစာအများဆုံးကစားသမားတွေအဖြစ် လီဗာပူးတိုက်စစ်မှူး မိုဆာလက်နဲ့ မန်ယူတောင်ပံကစားသမား ဂျေဒန်ဆန်ချိုတို့က တစ်ပတ် လုပ်ခလစာ ပေါင် ၃၇၃၇၅၀ စီရရှိနေကြတယ်လို့ L’Equipe သတင်းစာကဖော်ပြခဲ့ပါတယ်။
မူရင်းလစာတွေအရ ဒီဘရိုင်းက လစာအများဆုံးအဖြစ် ထိပ်ဆုံးကနေ ရပ်တည်နေပေမယ့် ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ၃၉ ဂိုးသွင်းယူပေးထားတဲ့ တိုက်စစ်မှူးဟာလန်းရဲ့ ဝင်ငွေက လုပ်ခလစာအပြင် ဘောနပ်စ်နဲ့ အခြားခံစားခွင့်တွေပါ ထပ်ပေါင်းမယ်ဆိုရင် တစ်ပတ်ကို ပေါင် ၈ သိန်းခွဲကျော် ရရှိနေတာဖြစ်ပါတယ်။ ဟာလန်းဟာ မန်စီးတီးအသင်းကို အခုရာသီအစကမှ ရောက်ရှိလာခဲ့ပေမယ့် သူ့ရဲ့ စာချုပ်ပါအချက်အလက်တွေအရ တစ်ပွဲချင်းစီအလိုက် ဆုကြေးတွေပါ ရရှိနေတာဖြစ်ပါတယ်။