ဇွန်လ (၁)ရက်။
ဒီကနေ့ နံနက်ပိုင်းအချိန်က ပေါက်တောမြို့နဲ့ ပုဏ္ဏားကျွန်းမြို့တို့မှာ စစ်ကောင်စီဟာ Y12 လေယာဉ်အပါအ၀င် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ နံနက် (၉)နာရီနဲ့ (၉)နာရီ (၄၅)မိနစ်အချိန်မှာ ပေါက်တောမြို့ရှိ သဲခုံရွာနဲ့ ကြိမ်ခွေမော်ရွာ၊ နံနက် (၁၀)နာရီ (၂၄)မိနစ်အချိန်မှာ ပုဏ္ဏားကျွန်းမြို့ရှိ ယိုးတရုတ်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုလို ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူတွေရဲ့ စာရင်းကို နောက်ဆက်တွဲအနေနဲ့ အတည်ပြုကာ ထုတ်ပြန်သွားမယ်လို့ ရေးသားထားပါတယ်။
ယိုးတရုတ်ကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရတဲ့အထဲ အရပ်သား ထိခိုက်သေဆုံးတာအပြင် နေအိမ်အချို့ ပျက်စီးခဲ့ရပြီး ရွာသူရွာသားအချို့ဟာ ရွာစွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောဆိုချက်တွေအရ သိရပါတယ်။