ဇူလိုင်လ (၁)ရက်။
ဒီကနေ့ နံနက် (၁၂)နာရီခန့်က ကျောက်မဲမြို့၊ ရပ်ကွက်(၁)က One Love ဟိုတယ်အနီးကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင်(၅၀၀)ဗုံးကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပေါင်(၅၀၀)ဗုံးနဲ့ ကြဲချခဲ့တာကြောင့် One Love ဟိုတယ်နဲ့ ပင်လုံလမ်းမအနီးက ကမ္ဘောဇရှမ်းဘုန်းကြီးကျောင်းဆောင်အပါအ၀င် ဒေသခံနေအိမ် (၂၀)လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မနေ့က နံနက်ပိုင်းကလဲ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရပ်ကွက်(၉)ရှိ ဆီဆိုင်တဆိုင်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် ဇွန်လ (၂၉)ရက်နေ့ ည(၁၀)နာရီခွဲက နောင်ချိုမြို့၊ မီးသတ်ရုံးအနီးကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ပေါင်(၅၀၀)ဗုံး ကြဲချခဲ့တာကြောင့် နေအိမ်(၈)လုံးထက်မနည်း ပျက်စီးခဲ့ရတယ်လို့ ရေးသားထားပါတယ်။
ရှမ်းမြောက်ဒေသရှိ မြို့နယ်(၃)မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတွေနဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား(၂၀)ကျော်သေဆုံးခဲ့ပြီး (၃၀)ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မနေ့က မိုးကုတ်မြို့တိုက်ပွဲထဲ စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ (၁၄)လုံး ပစ်ခတ်ခဲ့ကာ မိုးမိတ်မြို့က စစ်ကောင်စီရဲ့ ကင်းချောင်စခန်းကို TNLA၊ PLA နဲ့ PDF တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။