ဩဂုတ်လ (၁)ရက်။
ဒီကနေ့ နေ့လယ် (၂)နာရီခန့်က မြစ်သားမြို့နယ်က လက်နက်ကိုင်ဆောင်တဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Kyaukse Revolution Army ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပစ်ခတ်ရှင်းလင်းခံရတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးဟာ မြစ်သားမြို့နယ်၊ ချင်းရွာအုပ်စုရှိ ရှမ်းသူငယ်ကျေးရွာက ၀င်းမောင်ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၀င်းမောင်ဆိုသူဟာ လက်နက်ကိုင်ဆောင်ထားသူဖြစ်ပြီး KRA တပ်ဖွဲ့နဲ့ ကျောက်ဆည် KDDF တို့ပူးပေါင်းကာ သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်နက်ကိုင် အုပ်ချုပ်ရေးမှူး ၀င်းမောင်ဟာ ပစ်ခတ်ခံရတဲ့အတွက် နားထင်နဲ့ ဘယ်ဘက်ရင်အုံတို့ကို ထိမှန်ကာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။
ကျောက်ဆည်ခရိုင်ထဲက အုပ်ချုပ်ရေးမှူးတွေအနေနဲ့ မနှုတ်ထွက်ဘဲ အကြမ်းဖက်စစ်ကောင်စီအလိုကျ ဆောင်ရွက်ပြီး ပြည်သူကို အနိုင်ကျင့်နေမယ်ဆိုရင် ဆက်လက်တိုက်ခိုက်သွားမယ်လို့ သတိပေးထားချက်အရ သိရပါတယ်။