ဖေဖော်ဝါရီလ (၂) ရက်။
မနေ့က ဖေဖော်ဝါရီလ (၁)ရက်မှာ မြန်မာအရေးနဲ့ပတ်သက်ပြီး တိုကျိုမြို့ရှိ ဂျပန်လွှတ်တော်အမတ်တွေအဆောက်အုံမှာ ကြားနာပွဲတစ်ရပ် ပြုလုပ်ခဲ့ကြတယ်လို့ NUG ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီကြားနာပွဲကို မြန်မာ့ဒီမိုကရေစီစနစ်နဲ့ ငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်ဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။
ကြားနာပွဲကို ဂျပန်နိုင်ငံဆိုင်ရာ NUG လွှတ်တော်ရုံးနဲ့ မြန်မာအရေးစိတ်ဝင်စားသူ ဂျပန်လွှတ်တော်အမတ်များသမဂ္ဂတို့က ကျင်းပပြုလုပ်ခဲ့ကြတာလို့ ဖော်ပြထားပါတယ်။
အခမ်းအနားမှာ NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ၊ စစ်ရှောင်ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ရှေ့ဆက်ဖော်ဆောင်ရမယ့် နိုင်ငံရေးမူဝါဒတွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့အတွက် အတူတကွ လက်တွဲတော်လှန်တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့တွေရဲ့ ဘုံသဘောထားရပ်တည်ချက်ကို ထည့်သွင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အခမ်းအနားကို ဂျပန်လွှတ်တော်အမတ်တွေ၊ နိုင်ငံတကာဧည့်ပရိသတ်တွေ၊ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ သတင်းမီဒီယာတွေ တက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။