ဧပြီလ (၂)ရက်။
ရန်ကုန်မြို့ရှိ (၄၄)လမ်းဖြစ်စဉ်မှာ တိုက်ပေါ်ကခုန်ချခဲ့တဲ့ ရဲဘော်တွေထဲက (၂)ဦးဟာ ဆေးကုသခွင့်မရဘဲ ထောင်ထဲ မတရားအကျဉ်းချခံထားရတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကိုဝေယံထက်နဲ့ ကိုမင်းသစ္စာမောင်(ခ)ကိုဗလတို့ဟာ (၄၄)လမ်းဖြစ်စဉ်မှာ ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး ထောင်ဒဏ် (၁၂)နှစ်ကျခံနေရကာ အပြင်ဆေးရုံမှာ ဆေးကုသခွင့်မရဘဲဖြစ်နေတာလို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားဖြစ်တဲ့ ကိုဝေယံထက်ဟာ တိုက်ပေါ်ကခုန်ချခဲ့ချိန် ခြေထောက်နှစ်ဖက်စလုံး ကျိုးသွားတာကြောင့် စတီးချောင်းနဲ့ မူလီကြပ်ထားရကာ ဝှီးချဲနဲ့သွားလာနေရသူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကိုဝေယံထက်ဟာ အကျဉ်းထောင်ဆေးရုံမှာ နေခွင့်ရပေမယ့် ထောင်ရဲ့ဆေးဝါးစောင့်ရှောက်မှု လိုအပ်ချက်ရှိနေတဲ့ အခုလိုကာလမှာ ပြင်ပဆေးရုံတွေဆီ ပို့ဆောင်ကုသပေးမှသာ ရရှိခဲ့တဲ့ဒဏ်ရာတွေနဲ့ ဝေဒနာတွေ သက်သာနိုင်မှာလို့ ရေးသားထားပါတယ်။
ဒါ့ပြင် နိုင်ငံရေးအကျဉ်းသား ကိုမင်းသစ္စာမောင်(ခ)ကိုဗလကလဲ တိုက်ပေါ်ကခုန်ချခဲ့ချိန် ရရှိခဲ့တဲ့ ခြေထောက်နဲ့ ခါးတဝိုက်ဒဏ်ရာတွေဟာ အခုအချိန်အထိ သက်သာတာမရှိသေးဘူးလို့ ပြောဆိုထားပါတယ်။
ကိုမင်းသစ္စာမောင်(ခ)ကိုဗလဟာ အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကို ပြောင်းရွှေ့ခံခဲ့ရပြီးနောက် အကျဆောင်မှာပဲ ထားခဲ့ကာ ထောင်ဆေးရုံမှာ နေထိုင်ကုသခွင့်မရဘူးလို့ ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် ထောင်အာဏာပိုင်တွေအနေနဲ့ ကိုဝေယံထက်နဲ့ ကိုမင်းသစ္စာမောင်တို့အပါအဝင် အခြားအရေးပေါ်ပြသဖို့လိုအပ်သူတွေကို ထောင်ပြင်ပဆေးရုံတွေမှာ ကုသပေးဖို့ PPNM က တောင်းဆိုထားတယ်လို့ သိရပါတယ်။