ဇူလိုင်လ (၂)ရက်။
ပါတီထောင်ခွင့်လျှောက်ထားတဲ့ ရခိုင်အမျိုးသားပါတီ(ANP)ကို စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်လိုက်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ANP ပါတီရဲ့ ပါတီတည်ထောင်ခွင့် လျှောက်ထားတာကို သက်ဆိုင်ရာ၀န်ကြီးဌာနတွေရဲ့ စိစစ်ချက်တွေအရ ပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ (၇)ပါ ပြဋ္ဌာန်းချက်တွေနဲ့ မညီညွတ်တာကြောင့်လို့ ဆိုပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ANP ပါတီရဲ့ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားတာကို ပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ(ဆ)နဲ့ ငြင်းပယ်တာလို့ ရေးသားထားပါတယ်။
စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ ပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ (၇)မှာ နိုင်ငံတော်က မတရားအသင်းအနေနဲ့ ကြေညာထားတဲ့အဖွဲ့ကို ဆက်သွယ်အားပေးကူညီရင် ပါတီမှတ်ပုံတင်ခွင့်မရှိဘူးလို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် ရခိုင်အမျိုးသားပါတီ(ANP)က အဖွဲ့၀င်အချို့ဟာ ရခိုင်ဒေသတိုက်ပွဲထဲ အာရက္ခတပ်တော်(AA)ကို ထောက်ခံအားပေးနေတာတွေရှိတာကြောင့် ပါတီတည်ထောင်ခွင့် ငြင်းပယ်ခံရတာလို့လဲ ပြောဆိုနေကြပါတယ်။
စစ်ကောင်စီဟာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်ကို ၂၀၂၃ခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ခဲ့ပြီး ပြန်လည်မှတ်ပုံတင်ခိုင်းခဲ့ကာ ကြံ့ခိုင်ရေးပါတီအပါအ၀င် စုစုပေါင်း (၄၇)ပါတီကို ခွင့်ပြုထားတယ်လို့ သိရပါတယ်။