ဩဂုတ်လ (၂)ရက်။
အထိမ်းအမှတ်အနေနဲ့ဆိုပြီး ထုတ်ဝေထားတဲ့ ကျပ်နှစ်သောင်းတန်ငွေစက္ကူသစ်တွေကို လူထုအကြား ဖြန့်ဝေဖို့မရှိဘူးလို့ စစ်ကောင်စီဗဟိုဘဏ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အခုရက်ပိုင်းထဲ လူထုကြားမှာ ကျပ်နှစ်သောင်းတန်ငွေစက္ကူတွေ အများအပြား လည်ပတ်သုံးစွဲလာခဲ့တာကို လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပြောဆိုနေကြတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဗဟိုဘဏ်က ပြောဆိုထားပါတယ်။
ကျပ်နှစ်သောင်းတန်ငွေစက္ကူအသစ်တွေကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့မှာ စတင်ထုတ်ဝေခဲ့ပြီး ဟောင်းနွမ်းငွေစက္ကူတွေနဲ့ လဲလှယ်ပေးနေတာလို့ ဖော်ပြထားပါတယ်။
ကျပ်နှစ်သောင်းတန်ငွေစက္ကူအသစ်ကို ဟောင်းနွမ်းငွေစက္ကူ ကျပ် (၁၀)သိန်းကနေ သိန်း (၃၀)အထိဆိုပါက တစ်ရွက်၊ ကျပ်သိန်း(၃၀)ကနေ သိန်း(၆၀)အထိဆိုရင် (၂)ရွက်နဲ့ ကျပ်သိန်း (၆၀)ကနေ သိန်း(၁၀၀)အထိဆိုရင် (၃)ရွက် လဲလှယ်ပေးနေတယ်လို့ ဖော်ပြထားပါတယ်။
ကျပ်နှစ်သောင်းတန်ငွေစက္ကူဟာ အလုံးအရင်းနဲ့ထုတ်တဲ့ ငွေစက္ကူမဟုတ်ဘဲ အထိမ်းအမှတ်အနေနဲ့ အကန့်အသတ်နဲ့သာထုတ်တဲ့ ငွေစက္ကူဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ကျပ်နှစ်သောင်းတန်ငွေစက္ကူသစ်တွေ ငွေကြေးဈေးကွက်ထဲ အလုံးအရင်းနဲ့ ၀င်လာမှာမဟုတ်ဘူးလို့ စစ်ကောင်စီက ပြောဆိုထားပေမယ့် အခုမြေပြင်မှာတော့ သုံးစွဲနေတာကို ကြုံတွေ့နေကြရပြီလို့ ပြည်သူတွေက ပြောဆိုနေကြပါတယ်။
အခုလို စစ်ကောင်စီက ဘတ်ဂျက်လိုအပ်ချက်တွေအရ ငွေစက္ကူသစ်တွေ ရိုက်နှိပ်ထုတ်ဝေတာနဲ့ပတ်သက်ပြီး ငွေကြေးဖောင်းပွလာကာ ကုန်ဈေးနှုန်းကြီးမြင့်လာမှာကို ပြည်သူတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။