အောက်တိုဘာလ (၂)ရက်။
စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူရာမှာ အဆင်ပြေစေဖို့ဆိုပြီး မဟနက စာထုတ်ညွှန်ကြားတဲ့အပေါ် သံဃသမဂ္ဂ(မန္တလေး)က ဒီကနေ့မှာ ထုတ်ပြန်ကန့်ကွက်ရှုတ်ချထားတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ ဘုန်းကြီးကျောင်းအချို့မှာ သံဃာတော်တွေကို စက်တင်ဘာလ (၃၀)ရက်နေ့ကထဲက သန်းခေါင်စာရင်းကောက်ယူနေပြီး မြို့နယ်အလိုက် ကောက်ယူသွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူတာမှာ ကျောင်းတိုင်ဆရာတော်တွေက ပူးပေါင်းဖို့ စက်တင်ဘာလ (၂၈)ရက်နေ့ရက်စွဲနဲ့ မဟနအဖွဲ့က မြို့နယ်၊ ခရိုင်နဲ့ တိုင်းအဆင့်ဆင့်တို့ကို စာထုတ်ညွှန်ကြားထားတယ်လို့ ဖော်ပြထားပါတယ်။
ဒီလို မဟနအဖွဲ့အစည်းရဲ့ အကြမ်းဖက်စစ်ကောင်စီအလိုကျ စာထုတ်ညွှန်ကြားတဲ့အပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ သံဃသမဂ္ဂ(မန္တလေး)က ပြောဆိုထားပါတယ်။
စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်း ပေါ်တာဆွဲတာ၊ စစ်သင်တန်းပေးတာ၊ ရှေ့တန်းစစ်မြေပြင်တွေကို စေလွှတ်တာတွေပြုလုပ်ကာ သူတို့အာဏာတည်မြဲဖို့ ပြည်သူတွေရဲ့ လူသားအရင်းအမြစ် ဆုံးရှုံးနစ်နာတာတွေ ရှိတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် သံဃာတော်တွေကို သန်းခေါင်စာရင်းကောက်ယူတာနဲ့ပတ်သက်ပြီး မဟနအဖွဲ့အစည်းက ထုတ်ပြန်တဲ့ ညွှန်ကြားချက်ပါ အကြောင်းအရာတွေကို ဓမ္မကို မြတ်နိုးတန်ဖိုးထားကြတဲ့ ဆရာတော်သံဃာတော်တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်တာ မပြုကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။