မေလ (၁)ရက်။
ဧပြီလ (၂၄)ရက်နေ့က လယ်ဒိုမြို့ရှိ လယ်မူသောရွာထဲကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ (၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
လေကြောင်းတိုက်ခိုက်တဲ့ဖြစ်စဉ်ထဲ အသက် (၁၅)နှစ်အရွယ် နော််တူလိုမူး သေဆုံးခဲ့ပြီး အရပ်သား (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲ ကလောမော်ခိုရွာနဲ့ နိုဂေါ်ရွာကနေ အလည်လာတဲ့သူတွေအပါအဝင် အသက် (၂၂)နှစ်ကနေ (၃၇)နှစ်အရွယ်ကြားရှိသူတွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် (၄)လုံးနဲ့ ကားတစီးအပြင် လယ်မူသောဆေးခန်းရဲ့ လူနာဆောင် (၂)ဆောင် ထိမှန်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ကော်သူးလေနယ်မြေထဲ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ဒရုန်း၊ လက်နက်ကြီး၊ လေယာဉ်အမျိုးမျိုးနဲ့ နေ့တိုင်း တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
ဒါ့ကြောင့် အရပ်သားပြည်သူတွေဟာ စိုးရိမ်ထိတ်လန့်မှုများစွာနဲ့ အသက်ရှင်နေထိုင်နေကြရတယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။











