ဧပြီလ (၃၀)ရက်။
ဒီကနေ့မှာကျရောက်တဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား (၁၅၀၈)ဦးကို ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်က လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
မင်းအောင်လှိုင်က ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အပါအဝင် လူသားစာနာမှုနဲ့ နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်စေဖို့ဆိုပြီး ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား (၁၅၀၈)ဦးကို လွတ်ငြိမ်းခွင့်ပေးတာလို့ ဆိုပါတယ်။
ဒီလိုပြစ်ဒဏ်လွတ်ငြိမ်းပေးတာဟာ နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ရင် အဲ့ဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ သတ်မှတ်ချက် ပါဝင်ပါတယ်။
နောက်ပြီး မင်းအောင်လှိုင်က ပြစ်ဒဏ်ကျခံနေတဲ့ နိုင်ငံခြားသားအကျဉ်းသား (၁၁)ဦးကိုလဲ အဲ့ဒီစည်းကမ်းသတ်မှတ်ချက်တွေနဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဟာ ဒီကနေ့ ဧပြီလ (၃၀)ရက်မတိုင်မီ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့စပ်လျဉ်းပြီး ပြစ်ဒဏ်ချမှတ်ခံရတဲ့ အကျဉ်းသားတွေကို ကျန်ရှိတဲ့ ပြစ်ဒဏ်ရဲ့ (၆)ပုံ (၁)ပုံကို လွတ်ငြိမ်းခွင့်ပြုတာလို့ ပြောဆိုထားပါတယ်။
မင်းအောင်လှိုင်ရဲ့ လွတ်ငြိမ်းမိန့် ထုတ်ပြန်တဲ့အထဲမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုချက်ကိုတော့ လျစ်လျူရှုထားပါတယ်။
အခုအချိန်မှာ စစ်အုပ်စုရဲ့ ခြွင်းချက်မရှိ ပြစ်ဒဏ်လျော့ပေါ့တဲ့ အမိန့်ထုတ်ပြန်ချက်တွေကြောင့် မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ကျန် ထောင်ဒဏ် (၁၈)နှစ် (၉)လ ကျန်ရှိနေတယ်လို့ သိရပါတယ်။








