မေလ (၁)ရက်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ့ပြောင်းတာက လွှတ်ပေးတာမဟုတ်ဘူးလို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက ပြောဆိုထားတယ်လို့ သိရပါတယ်။
“ သူမကို ရွှေ့ပြောင်းတာက လွှတ်ပေးတာ မဟုတ်ပါဘူး၊ ထောင်ဒဏ်လျှော့ပေါ့တာနဲ့ မသိနိုင်တဲ့နေရာတစ်ခုကို ရွှေ့ပြောင်းတာဟာ အခြေအနေကို မပြောင်းလဲစေပါဘူး” လို့ သူ့ရဲ့လုမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
အခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်ဟာ ဓားစာခံအနေနဲ့ ဖမ်းဆီးထိန်းသိမ်းထားခံနေရပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်တောက်နေသလို သားတယောက်အနေနဲ့ ဘာသတင်းအချက်အလက်မှ မရသေးဘူးလို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် သူ့အနေနဲ့ တောင်းဆိုတာဟာ မိခင်ဖြစ်သူ အသက်ရှင်နေတာကို အတည်ပြုနိုင်တဲ့ အချက်အလက်၊ ဆက်သွယ်နိုင်ခွင့်နဲ့ လွတ်မြောက်ဖို့ဖြစ်ပြီး အသက်ရှင်နေရင် အတည်ပြုနိုင်တဲ့ ယုံကြည်ခိုင်မာရတဲ့ သက်သေပြဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ (၅)နှစ်ကျော်ကြာ မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကို ကျခံဖို့ဆိုပြီး နေပြည်တော်ထောင်ကနေ နေအိမ်အကျယ်ချုပ်ကို မနေ့က ပြောင်းရွှေ့ခဲ့တာပါ။
စစ်အုပ်စုရဲ့ နေအိမ်အကျယ်ချုပ်ဆိုပြီး ထုတ်ပြန်တာမှာ ဘယ်နေရာက နေအိမ်ကို ပြောင်းရွှေ့တယ်ဆိုတာနဲ့ သတင်းဓါတ်ပုံမှာ ဘယ်အချိန်က ဓါတ်ပုံဆိုတာကိုလဲ ထည့်သွင်းပြောဆိုထားတာမရှိဘူးလို့ သိရပါတယ်။








