အောက်တိုဘာလ (၂)ရက်။
ဘုတလင်မြို့မှာ စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံး အပြတ်ခေမှုန်းခံရတဲ့ တိုက်ပွဲထဲ ဖမ်းဆီးရမိတာတွေနဲ့ သိမ်းဆည်းရမိတာတွေကို ပကဖရဲ့ မနေ့ကညပိုင်းအချိန်မှာ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဘုတလင်မြို့ရှိ ကူတော်စခန်းကနေထွက်လာတဲ့ အင်အား (၈၀)ပါ စစ်ကောင်စီစစ်ကြောင်းကို မြို့နယ်ပကဖ၊ PDF နဲ့ မုံရွာခရိုင်အမှတ် (၂၀)တပ်ရင်းတို့ပါဝင်တဲ့ မဟာမိတ်အင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲထဲ စစ်ကောင်စီဘက်က (၃၅)ဦးသေဆုံးကာ (၄၅)ဦးကို စစ်သုံ့ပန်းအနေနဲ့ ဖမ်းမိခဲ့တဲ့အပြင် လက်နက်ငယ် (၅၇)လက်၊ (၆၀)မမ စိန်ပြောင်း (၂)ခု၊ ဒရုန်း (၂)စီးနဲ့ ဂျန်ပါအကြီးတစ်ခုအပါအဝင် ကျည်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုလို စစ်ကောင်စီရဲ့ စစ်ကြောင်းတစ်ကြောင်းလုံး အပြတ်ချေမှုန်းခံခဲ့ရတာဟာ မြေပြန့်မှာ ပထမဆုံး တိုက်ပွဲဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဒီလိုအပြတ်ချေမှုန်းခံရတာဟာ အတင်းအဓမ္မစုဆောင်းထားပြီး ရှေ့တန်းကို ပို့ဆောင်ထားတဲ့ တပ်သားသစ်တွေနဲ့ စစ်တိုက်လို့ ဘယ်လိုနည်းနဲ့မှ အလုပ်မဖြစ်နိုင်တာကို ပြသနေတာလို့လဲ ပြောဆိုထားပါတယ်။
စစ်ကောင်စီရဲ့ ၂၀၂၄ခုနှစ် မေလကနေ စတင်ဖွင့်လှစ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း စစ်သင်တန်း အပတ်စဉ်ဟာ အခုအောက်တိုဘာလမှာ အပတ်စဉ် (၆)ကို ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။