အောက်တိုဘာလ (၂)ရက်။
၂၀၂၃ခုနှစ် အောက်တိုဘာလကနေ အခုနှစ် ဩဂုတ်လအထိ နိုင်ငံခြားသား (၅၄၄၃၃)ဦးကို ပြည်နှင်ခဲ့တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မနေ့ကပြုလုပ်တဲ့ နှစ် (၆၀)ပြည့် ရဲတပ်ဖွဲ့နေ့မှာ ပြောဆိုချက်အရ သိရပါတယ်။
ပြည်နှင်ခဲ့တဲ့ နိုင်ငံခြားသား (၅၀၀၀၀)ကျော်ဟာ နိုင်ငံပေါင်း (၂၈)နိုင်ငံကနေ တရားမဝင် ဝင်ရောက်လာသူတွေဖြစ်ကာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
ပြည်နှင်ဒဏ်ပေးခံခဲ့ရတဲ့ နိုင်ငံခြားသားတွေဟာ ဘယ်လိုပြစ်မှုတွေ ကျူးလွန်တဲ့သူတွေ ဖြစ်တယ်ဆိုတာကိုတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အသေးစိတ် ထည့်သွင်းပြောဆိုထားတာမရှိပါဘူး။
ဒေသထဲ လူကုန်ကူးမှုတွေနဲ့ လူမှောင်ခိုမှုတွေ တားဆီးနှိမ်နင်းရေး စီမံကိန်းတွေမှာ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့(INTERPOL)နဲ့ အာဆီယံရဲအဖွဲ့(ASEANAPOL)တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါသေးတယ်။
နောက်ပြီး နိုင်ငံဖြတ်ကျော်မှုခင်းတွေကို တားဆီးနှိမ်နင်းရာမှာ အိမ်နီးချင်း (၅)နိုင်ငံနဲ့အတူ နယ်စပ်ဆက်ဆံရေးရုံးများ(BLOs) ကွန်ရက်စနစ်တည်ထောင်ပြီး BLO အစည်းအဝေးတွေ ကျင်းပပြုလုပ်ဖို့ ညွှန်ကြားထားပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲကလဲ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ တရုတ်နိုင်ငံသား (၃၀၀)ကျော်ပါဝင်တဲ့ ကျားဖြန့်လုပ်ကိုင်သူတွေကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။
မြန်မာနယ်စပ်ဒေသမှာ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်တဲ့သူတွေထဲ တရုတ်နိုင်ငံသား အများဆုံးပါဝင်ပြီး ပြန်လည်လွှဲပြောင်းတဲ့သူတွေထဲ တရုတ်နိုင်ငံက အလိုရှိနေတဲ့ တရားခံပြေးတွေ ပါဝင်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။