ဒီဇင်ဘာလ (၂)ရက်။
စစ်တပ်အာဏာသိမ်းချိန်ကစပြီး အခုနှစ် နိုဝင်ဘာလအထိ ကရင်နီဒေသက တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၅၈၀)ဦး သေဆုံးခဲ့တယ်လို့ PKPF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်အာဏာသိမ်းချိန်ကစပြီး ကရင်နီဒေသထဲ တိုက်ပွဲစုစုပေါင်း (၁၂၃၅)ကြိမ် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က (၃၅၀၀)ကျော်သေဆုံးပြီး စစ်ကောင်စီယာဉ် (၆၈)စီးနဲ့ တိုက်လေယာဉ် (၃)စီး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာ (၁၇၄၆)ကြိမ်ရှိခဲ့ကာ စစ်ရှောင်သေဆုံးသူ (၁၇၀)ဦးနဲ့ ကရင်နီပူးပေါင်းတပ်တွေဘက်က (၆၇၂)ဦး ကျဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်ခံရတာ (၅၃၂)ဦးရှိပြီး မတရားဖမ်းဆီးခံရသူ (၁၆၀)ဦးရှိတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့်လဲ နေအိမ် (၂၇၀၀)ကျော်၊ ဘာသာရေးအဆောက်အအုံ (၅၄)လုံး၊ ဆေးရုံ၊ဆေးခန်း (၁၆)လုံးနဲ့ စာသင်ကျောင်း (၂၆)လုံး ပျက်စီးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ကရင်နီဒေသထဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာဟာ ၂၀၂၃ခုနှစ်ထဲ အကြိမ် (၈၀၀)ခန့်အထိရှိခဲ့ပြီး အရပ်သားထိခိုက်သေဆုံးတာနဲ့ နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးတာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။