မေလ (၃)ရက်။
မနေ့က နံနက်ပိုင်းအချိန်မှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့ကို အာရက္ခတပ်တော်(AA)က ရာနှုန်းပြည့် သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
မောင်တောမြို့မှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီရဲ့ အမှတ်(၁) နယ်ခြားစောင့်စခန်း ကျီးကန်းပြင်ဌာနချုပ်ကို မေလ (၂)ရက်နေ့ နံနက်(၄)နာရီအချိန်မှာ သိမ်းပိုက်ခဲ့ပြီးနောက် မောင်တောမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်အင်အား (၅၀)ခန့်ဟာ AA ထံ လက်နက်ချအညံ့ခံခဲ့ပြီး ARSA၊ ARA နဲ့ RSO တို့က စစ်ကောင်စီဘက်ကနေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကလဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတာတွေရှိနေတယ်လို့ သိရပြီး AA ဘက်ကတော့ မောင်တောမြို့ကို သိမ်းပိုက်နိုင်ခဲ့တဲ့အပေါ် သတင်းထုတ်ပြန်တာမျိုး မရှိသေးပါ။
ဒါ့ပြင် စစ်ကောင်စီဟာ အခုအချိန်အထိ မောင်တော၊ ဘူးသီးတောင်နဲ့ ပေါက်တောမြို့တွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေကာ စစ်တွေမြို့ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
အာရက္ခတပ်တော်(AA)အနေနဲ့ ဘူးသီးတောင်မြို့ကိုလဲ သိမ်းပိုက်နိုင်ဖို့ ထိုးစစ်အရှိန်မြှင့်ကာ တိုက်ခိုက်နေပြီး (၇၀)ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်နိုင်ထားတယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။