ဩဂုတ်လ (၃)ရက်။
ဒီကနေ့ နေ့လယ် (၁)နာရီ (၅၀)မိနစ်အချိန်က လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ မန်းမြို့တော်လဖက်ရည်ဆိုင်ရှေ့လမ်းဘေးမှာ လက်လုပ်ဗုံးတွေ့ရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
“ (၆)ရပ်ကွက်၊ ရန်ကုန်-ပုသိမ်လမ်း၊ မန်းမြို့တော်လဖက်ရည်ဆိုင်ရှေ့ လမ်းဘေးမှာ လက်လုပ်ဗုံးတွေ့တယ်ဆိုပြီး စကစတွေက ဖောက်ခွဲခဲ့ကြတာပါ” လို့ ရပ်ကွက်နေသူတစ်ဦးက ဆိုပါတယ်။
မန်းမြို့တော်လဖက်ရည်ဆိုင်ရှေ့ ပိတောက်ပင်ခြေရင်းမှာ လိမ္မောရောင်အထုပ်တထုပ် တွေ့ရှိတဲ့သတင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ရောက်လာကာ အတားအဆီးတွေပြုလုပ်ပြီး ဖောက်ခွဲခဲ့တာလို့ သိရပါတယ်။
အဲ့ဒီလိမ္မော်ရောင်အထုပ်ကို စစ်ဆေးခဲ့ရာ PVC ပိုက်နဲ့ပြုလုပ်ထားတဲ့ လက်လုပ်ဗုံးကို ကီးပက်ဖုန်းနဲ့ ချိတ်ဆက်ထားတာကို တွေ့ရှိခဲ့တာလို့ စစ်လော်ဘီချန်နယ်တွေက ရေးသားထားပါတယ်။
ကီးပက်ဖုန်းနဲ့ချိတ်ဆက်ထားတဲ့ လက်လုပ်ဗုံးကို တွေ့ရှိခဲ့တဲ့နေရာအနီးက ပလက်ဖောင်းပေါ်မှာပဲ အတားအဆီးတွေပြုလုပ်ပြီး နေ့လယ် (၃)နာရီခွဲအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။