ဩဂုတ်လ (၃)ရက်။
ဒီကနေ့ နေ့လယ် (၁၂)နာရီ (၂၀)မိနစ်အချိန်မှာ လားရှိုးမြို့ရှိ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အပြည့်အ၀ သိမ်းပိုက်နိုင်ခဲ့ပြီလို့ MNDAA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် သိမ်းပိုက်ရရှိခဲ့တာကို ဌာနချုပ်ဆိုင်းဘုတ်ရှေ့မှာ MNDAA တပ်ဖွဲ့၀င်တွေက အောင်ပွဲခံနေတဲ့ပုံနဲ့အတူ ထုတ်ပြန်လာပါတယ်။
လားရှိုးမြို့ရှိ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဇူလိုင်လ (၃)ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့ရာ တစ်လတိတိအကြာမှာ MNDAA ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
ကိုးကန့်တပ်(MNDAA)အနေနဲ့ လားရှိုးမြို့ကို ဇူလိုင်လ (၂၅)ရက်နေ့မှာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ရမခကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ကနဦးထုတ်ပြန်ခဲ့ပေမယ့် ဒီကနေ့မှသာ အပြည့်အ၀သိမ်းပိုက်နိုင်ခဲ့တာပါ။
အခုလို အကြမ်းဖက်စစ်တပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အပြည့်အ၀ သိမ်းပိုက်နိုင်ခဲ့တာကြောင့် MNDAA အနေနဲ့ သူတို့ရဲ့စစ်ဆင်ရေးဟာ ပြီးပြည့်စုံတဲ့ အောင်ပွဲ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။