ဒီဇင်ဘာလ (၃)ရက်။
ရွှေဘိုအကျဉ်းထောင်မှာ မိနစ်(၃၀)ကို ငွေကျပ် (၃)သိန်းခန့်ပေးနိုင်တဲ့သူတွေဟာ ဧည့်တွေ့ခွင့်ရနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရွှေဘိုထောင်မှာ အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေရဲ့ ဧည့်တွေ့ခွင့်ကို လုံခြုံရေးအကြောင်းပြပြီး အခုနှစ် ဇွန်လပိုင်းကစတင်ကာ ပိတ်ပင်ထားပြီး ထောင်အာဏာပိုင်တွေက ဈေးကွက်တခုအနေနဲ့ ကိုယ်ကျိုးရှာနေတာလို့ ဆိုပါတယ်။
ဒီကနေ့အချိန်အထိ ပိတ်ပင်ထားတဲ့ ထောင်ဝင်စာ ဧည့်တွေ့ခွင့်အပေါ် မကောင်းတဲ့အကြံအစည်နဲ့ ထောင်အာဏာပိုင်တွေက ဈေးကွက်ပုံစံ ပြုလုပ်နေသလို နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုနဲ့ တွေ့ခွင့်မပေးတဲ့အပြင် ဖိနှိပ်တာတွေ ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။
စုံစမ်းတွေ့ရှိချက်အရ တာဝန်ခံ ထောင်ပိုင်အောင်လွင်က အကျဉ်းသားတွေ့ခွင့် မိနစ် (၃၀)ကို ကျပ်(၃)သိန်းခန့် သတ်မှတ်ကာ အကျဉ်းသားတွေအပေါ် ခေါင်းပုံဖြတ် ဖိနှိပ်ပြီး လာဘ်စားတာကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတယ်လို့ ရေးသားထားပါတယ်။
သတ်မှတ်ထားတဲ့ ငွေတန်ဖိုး မပေးနိုင်ရင် အကျဉ်းသားတွေ မိသားစုနဲ့ တွေ့ဆုံခွင့် မရကြတာကိုလဲ စိစစ်တွေ့ရှိရတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် အကျဉ်းသားကျွေးမွေးစီမံတာမှာ သတ်မှတ်နှုန်းထားအတိုင်းမဟုတ်ဘဲ တရက်ခြား ကြက်ဥတစ်လုံးစီသာပေးပြီး ကျွေးမွေးစရိတ်အပေါ် ကိုယ်ကျိုးစီးပွားရှာနေတယ်လို့ အကျဉ်းဦးစီးဌာနက ထွက်ပြေးလာတဲ့ ထောင်ဝန်ထမ်းဟောင်းရဲ့ အတည်ပြုပြောဆိုချက်အရ သိရပါတယ်။