မတ်လ (၄) ရက်။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ တမော်ကျေးရွာအုပ်စုရှိ မဂျီဂုံ စစ်ကောင်စီ ဗျူဟာတပ်စခန်းကို မတ်လ (၃) ရက်နေ့ ညနေပိုင်းက KIA နဲ့ ပူးပေါင်းအဖွဲ့က သိမ်းပိုက်လိုက်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အဲဒီ စစ်ကောင်စီရဲ့ ဗျူဟာစခန်းမှာ ခလရ – ၁၀၂၊ ခလရ – ၂၅၀ နဲ့ ခမရ – ၄၂၇ တို ပူးပေါင်း စခန်းထိုင်ထားတာ ဖြစ်တယ်လို့ သိရပြီး KIA တပ်မဟာ ၃၊ တပ်ရင်း ၂၇ နဲ့ KPDF ပူးပေါင်းအဖွဲ့တွေက မတ်လ (၁) ရက်နေ့က စတင်ပြီး စစ်ကောင်စီရဲ့ ဗျူဟာစခန်း အပါအဝင် တပ်စခန်းရှိရာ တောင်ကုန်း (၃) ခုကို တပြိုင်ထဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး (၃) ရက်အကြာမှာ အပြီးသတ် ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု ရှိတယ်လို သိရပေမယ့် စစ်ကောင်စီဘက်ကရော KIA ဘက်ကပါ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဒီရက်ပိုင်းအတွင်းမှာ မြောက်ပိုင်းညီနောင် (၃) ဖွဲ့နဲ့ စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမြို့ ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်ပေးမှုကြောင့် အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီချက်တွေရထားပြီး နယ်စပ်ကုန်သွယ်ရေး ဆိုင်ရာ အခွန်ခွဲဝေမှုတွေကို ဆက်လက်ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။