ဇူလိုင်လ (၄)ရက်။
အိုးဘိုထောင်ကနေ မကွေးထောင်ကိုပြောင်းလာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက နေ့တိုင်း ရိုက်နှက်ဖိနှိပ်ကာ တိုက်ပိတ်ထားတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။
မကွေးထောင်ကို ထောင်ပြောင်းရောက်ရှိလာတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအ၀င် အခြားအကျဉ်းသား (၄၀)ကျော်ကို ဇွန်လ (၁၆)ရက်နေ့မှာ Main Jail ကိုခေါ်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထောင်ပြောင်းရောက်ရှိလာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို (၁၄)ရက်ကြာ ခြေကျင်းဒေါက်တွေ ခတ်ထားပြီး ရေချိုးချိန်ကို ပုံစံခွက်နဲ့ချိုးရကာ ပုံမှန်ရေချိုးခွက်နဲ့ (၁၅)ခွက်သာ ချိုးခွင့်ပေးတယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် ဇွန်လ (၁၆)ရက်နေ့ကစပြီး လကုန်အထိ အကျဉ်းဦးစီး၀န်ထမ်း သုံးပွင့်အရာရှိ ဦးစီးမှူး မင်းလွင်ဦးနဲ့ ၀န်ထမ်း ဌေး၀င်းလှိုင်တို့ဦးဆောင်ကာ နိုင်ငံရေးအကျဉ်းသားတွေကို နေ့တိုင်း ဖိနှိပ်ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အခုလို နေ့တိုင်း ရိုက်နှက်တဲ့အပေါ် အကျဉ်းဦးစီး၀န်ထမ်းတွေကို မေးမြန်းတာကြောင့်လဲ မေးမြန်းခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲကနေ ဦးဆောင်တဲ့သူဆိုပြီး (၁၀)ဦးကို ထပ်မံရိုက်နှက်ကာ အခုအချိန်အထိ တိုက်ပိတ်ထားတယ်လို့ သိရပါတယ်။