စက်တင်ဘာလ (၄)ရက်။
မြ၀တီမြို့အနီး ရွှေကုက္ကိုလ်လောင်းကစားဒေသရှိ တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ ရထိုက်စုပေါင်းရုံးနဲ့ လုပ်ငန်းတွေကို အပြီးတိုင်ဖျက်သိမ်းထွက်ခွာတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရွှေကုက္ကိုလ်ဒေသရှိ တရုတ်ကုမ္ပဏီဖြစ်တဲ့ ရထိုက်စုပေါင်းရုံး ဖျက်သိမ်းတာကို ဩဂုတ်လထဲ ကြေညာခဲ့တာဖြစ်ပြီး ထွက်ခွာသူတွေအနေနဲ့ စက်တင်ဘာလ (၈)ရက်နေ့ နောက်ဆုံးထားပြီး ရုံးမှာ ကျသင့်ငွေ (၃၉၉၉၉)ဘတ် ပေးဆောင်စာရင်းသွင်းဖို့ ဆိုထားပါတယ်။
အခုလို လုပ်ငန်းဖျက်သိမ်းထွက်ခွာတာဟာ နိုင်ငံတကာဖိအားပေးတာနဲ့ နိုင်ငံရဲ့ တောင်းဆိုတာကြောင့် လုပ်ကိုင်နေတဲ့ ဒေသဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းတွေအားလုံးကို အကန့်အသတ်မရှိ ရပ်ဆိုင်းတာလို့ ဖော်ပြထားပါတယ်။
ဒါကြောင့် ရွှေကုက္ကိုလ်နဲ့ ရထိုက်ရုံးအပါအ၀င် မြို့ထဲက လုပ်ငန်းရှင်နဲ့ ၀န်ထမ်းတွေအားလုံး စက်တင်ဘာလ (၂၀)ရက်နေ့ နောက်ဆုံးထားပြီး အပြီးတိုင်ထွက်ခွာဖို့နဲ့ စီစဉ်ပေးတဲ့ကားတွေနဲ့ မြ၀တီကနေ ထွက်ခွာရမယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် စာရင်းမပေးဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် ထွက်ခွာမယ့်သူတွေကို ရထိုက်စုပေါင်းရုံးက နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ မြန်မာရဲတပ်ဖွဲ့ထံ ကိုယ်ရေးအချက်အလက်တွေကို ပေးပို့သွားမယ်လို့ ပြောဆိုထားပါတယ်။
အခုလိုလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး လုပ်ငန်းရှင်တွေနဲ့ ၀န်ထမ်းတွေအားလုံး ပူးပေါင်းဆောင်ရွက်ဖို့ အသိပေးထားကာ ရွှေကုက္ကိုလ်ဟာ ကျားဖြန့်လုပ်ငန်းနဲ့ လောင်းကစားအပြင် လူကုန်ကူးတာတွေနဲ့ နာမည်ဆိုးကျော်ကြားတဲ့ ဒေသဖြစ်တယ်လို့ သိရပါတယ်။