အောက်တိုဘာလ (၄)ရက်။
ဒီကနေ့ နံနက် (၂)နာရီကျော်အချိန်ကစပြီး လားရှိုးမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ ဗုံး (၄)ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ နံနက် (၂နာရီ (၁၃)မိနစ်ကနေ (၅)နာရီကျော်အထိ (၃)နာရီထဲမှာ စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ စုစုပေါင်း ဗုံး (၄)ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာပါ။ (၅)ရပ်ကွက်နဲ့ (၈)ရပ်ကွက်ကို ကြဲချသွားတာ” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ တိုက်လေယာဉ်တွေ အသုံးပြုပြီး လေကြောင်း လားရှိုးမြို့ရှိ (၅)ရပ်ကွက်နဲ့ (၈)ရပ်ကွက်တို့ကို (၂)ကြိမ်စီ ကြဲချတိုက်ခိုက်ခဲ့ကာ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတာကြောင့် (၅)ရပ်ကွက်ရှိ ဂွမ်ယင်ဘုရားကျောင်း ထိမှန်ခဲ့ပြီး ဘုရားကျောင်းအဆောက်အဦး အများအပြား ပျက်စီးခဲ့ကာ (၈)ရပ်ကွက်ထဲက ဆောက်လက်စ အဆောက်အအုံတစ်ခုလဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ ရေးသားထားပါတယ်။
အခု (၃)လတာထဲ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လားရှိုးမြို့အပါအဝင် အထူးဒေသ(၁)နယ်မြေကို လေကြောင်းကနေ (၂၅)ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေ (၁၀၀)ကျော် ကြဲချခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီရဲ့ အထူးဒေသ(၁)နယ်မြေထဲ လေကြောင်းတိုက်ခိုက်ခဲ့တာတွေကြောင့် အရပ်သားသေဆုံးတာ ဖြစ်ပွားခဲ့ပြီး ဒီကနေ့အချိန်အထိ (၃၁)ဦးသေဆုံးကာ (၉၀)ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ လားရှိုးတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တာတွေကြောင့် လက်တုံ့ပြန်တဲ့အနေနဲ့ လောက်ကိုင်နဲ့ သိန္နီခရိုင်အပါအဝင် အခြားနယ်မြေတွေကို လေကြောင်းတိုက်ခိုက်ခဲ့ကာ အပစ်ရပ်ပြီးတဲ့အချိန်မှာလဲ လားရှိုးမြို့ကို ဆက်တိုက် ဗုံးကြခဲ့တယ်လို့ သိရပါတယ်။