အောက်တိုဘာလ (၄)ရက်။
မနေ့က ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တတိယအကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့(အေစီဒီ)ရဲ့ ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီထိပ်သီးအစည်းအဝေးကို အေစီဒီနိုင်ငံက အဖွဲ့ဝင်နိုင်ငံပေါင်း (၃၂)နိုင်ငံက ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ခဲ့ပြီး ကာတာနိုင်ငံရဲ့ ဖိတ်ကြားချက်အရ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးက တက်ရောက်ခဲ့တာလို့ ဆိုပါတယ်။
အစည်းအဝေးထဲ စစ်ကောင်စီဝန်ကြီးက မိန့်ခွန်းပြောဆိုခဲ့ကာ အဲ့ဒီမိန့်ခွန်းထဲ အေစီဒီရဲ့ အခုဥက္ကဋ္ဌအနေနဲ့ တာဝန်ယူထားတဲ့ အိရန်နိုင်ငံရဲ့ ခေါင်းဆောင်တာအပေါ် အသိအမှတ်ပြုတယ်လို့ ပြောဆိုခဲ့ပါတယ်။
နောက်ပြီး လာမယ့် ၂၀၂၅ခုနှစ်မှာ အေစီဒီဥက္ကဋ္ဌအနေနဲ့ လွှဲပြောင်းတာဝန်ယူဆောင်ရွက်မယ့် ထိုင်းနိုင်ငံရဲ့ ကြိုးပမ်းတာတွေကို ကြိုဆိုပြီး ထိုင်းနိုင်ငံကို အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။
ဒါ့အပြင် ထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးက တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို မြန်မာနိုင်ငံရဲ့ အခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ရွေးကောက်ပွဲကျင်းပဖို့ ကြိုးစားနေတာကို ရှင်းလင်းတင်ပြခဲ့ပါသေးတယ်။
အခုလို စစ်ကောင်စီကို ထိပ်သီးအစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ခိုင်းတဲ့အပေါ် ဝေဖန်တာတွေ ရှိနေပြီး အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ စစ်ကောင်စီကို ဖယ်ထုတ်ဖို့ အရပ်ဘက်အဖွဲ့တွေက တောင်းဆိုထားကြပါတယ်။
ဒါ့ပေမယ့် စစ်ကောင်စီဘက်ကတော့ လာအိုနိုင်ငံမှာ လာမယ့်ရက်ပိုင်းထဲကစပြီး ကျင်းပဖို့ရှိနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိတစ်ဦးကို စေလွှတ်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။