ဒီဇင်ဘာလ (၄)ရက်။
ဒေသဝမ်းစာဖူလုံဖို့ အစိုးရက ဆောင်ရွက်ပေးတာမဟုတ်ဘဲ လူတိုင်းလုပ်ဆောင်ဖို့လိုတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
တိုင်းနဲ့ပြည်နယ်တွေအလိုက် ဖူလုံတာတွေ ရှိနေတယ်ဆိုရင် အခြေခံစားကုန်တွေ ကုန်ဈေးနှုန်းကြီးမြင့်ဖို့ အကြောင်းမရှိတာကြောင့် အခြေခံစားကုန်ဖူလုံဖို့ကို အဓိကထား ဆောင်ရွက်ဖို့လိုတယ်လို့ ဆိုပါတယ်။
စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေကို ပြည်သူဆီ သက်သာတဲ့ ဈေးနှုန်းတွေနဲ့ ဘယ်လိုရောင်းချနေတာနဲ့ ဆန်ဖူလုံမှု ဘယ်လောက်ရှိတယ်ဆိုတာတို့ကို ရာခိုင်နှုန်းတွေနဲ့ စစ်ကောင်စီဝန်ကြီးချုပ်တွေက တင်ပြထားတယ်လို့ ပြောဆိုထားပါတယ်။
နောက်ပြီး အသား၊ ငါးနဲ့ အခြေခံစားကုန်တွေ ဈေးနှုန်းကြီးမြင့်လာတာတွေနဲ့ ပတ်သက်ပြီး ကုန်ထုတ်လုပ်ငန်းရှင်တွေအနေနဲ့ သင့်တင့်တဲ့ အမြတ်ကိုသာတင်ပြီး ရောင်းချဖို့ စစ်ခေါင်းဆောင်က ညွှန်ကြားထားပါတယ်။
ဒါ့အပြင် ကုန်ဈေးနှုန်းကြီးမြင့်တာတွေကို ကြပ်မတ်ဆောင်ရွက်ဖို့နဲ့ နိုင်ငံထဲ ဝင်ငွေနဲ့ ထွက်ငွေကို မျှတအောင် ဆောင်ရွက်ပြီး ပြည်ပတင်ပို့ရောင်းချတာကို အခုထက် (၂)ဆတင်ပို့ဖို့ ပြောဆိုထားပါတယ်။
စီးပွားရေးနဲ့ပတ်သက်ပြီး တိုးတက်တာနည်းပါးနေသေးပြီး ကိန်းဂဏန်းတွေနဲ့ အောင်မြင်နေတာကို မကျေနပ်နေကြဘဲ မြေပြင်မှာလဲ အမှန်တကယ် တိုးတက်ဖို့လိုတယ်လို့ စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။