မတ်လ (၅)ရက်။
တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက အရပ်သားပြည်သူ (၁၁)ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။
တန့်ဆည်မြို့က အနောက်ပိုင်းကျေးရွာတွေကို ဖေဖော်ဝါရီလ (၂၁)ရက်ကနေ မတ်လ (၃)ရက်အထိ (၁၂)ရက်ကြာ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက စစ်ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ ခမရ(၁၁)၊ ခမရ(၃၆၁)နဲ့ ခမရ(၇၀၈)တို့ဟာ ပျူစောထီးတွေနဲ့ပေါင်းပြီး စစ်ကြောင်းထိုးကာ အရပ်သားပြည်သူ (၁၁)ဦးကို ဓါးစာခံဖမ်းဆီးပြီး လူမဆန်စွာ သတ်ဖြတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
သတ်ဖြတ်ခံရတဲ့ အရပ်သား (၁၁)ဦးဟာ ဝင်းနိုင်(၅၀)နှစ်၊ ဇင်မင်းကို(၂၉)နှစ်၊ ဦးဝေ(၇၀)နှစ်၊ ဦးရှမ်း(၅၂)နှစ်၊ မောင်တိုး(၂၇)နှစ်၊ မိုးဇော်ဦး(၄၅)နှစ်၊ ဦးငြိမ်းချို(၅၀)နှစ်၊ ဦးဌေးအောင်(၄၀)နှစ်၊ မင်းဟန်(၄၀)နှစ်၊ ဆွေလင်း(၃၀)နှစ်နဲ့ ဆန်းပို(၄၅)နှစ်တို့ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီအရပ်သားပြည်သူတွေဟာ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းရဲ့ ခေါင်းဖြတ်တာ၊ လည်လှီးတာအပါအဝင် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ဖြတ်တောက်တာနဲ့ သေနတ်တွေ ပုဆိန်နဲ့ ပစ်ခတ်ထုသတ်တာတွေ ခံခဲ့ရတယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် အဲ့ဒီစစ်ကောင်စီပူးပေါင်းစစ်ကြောင်း စစ်ကြောင်းထိုးတဲ့ (၁၂)ရက်တကာလမှာ ကျေးရွာ (၉)ရွာက နေအိမ် (၅၆)လုံးကို (၁၃)ကြိမ်အထိ မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသွားတယ်လို့ ပြောဆိုထားပါတယ်။
အခုလိုကျူးလွန်တာတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချကာ ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူ ပြစ်ဒဏ်ချမှတ်နိုင်ဖို့ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ကာ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။