ဧပြီလ (၅)ရက်။
မနေ့က ညနေ(၄)နာရီခွဲအချိန်မှာ ရေစကြိုမြို့ ရုံးပေါင်းစုံထဲကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်နက်ကြီးနဲ့ (၂)ကြိမ် ရမ်းကားပစ်ခတ်ခဲ့တယ်လို့ Info Committee Yeasgyo ထံက သိရပါတယ်။
အဲ့ဒီလက်နက်ကြီးတွေထဲက တစ်လုံးဟာ ညနေခင်းလူစည်ကားတဲ့ အမှတ်(၅)ရပ်ကွက်ရှိ ရွာဘိုးရပ် မအိုတိုက်ဘုန်းကြီးကျောင်းအနီးက ဈေးထဲကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မုန့်လင်မယားရောင်းသူနဲ့ ခရမ်းချဉ်သီးရောင်းသူ အမျိုးသမီးနှစ်ဦးအပါအဝင် ဈေးဝယ်လာသူ အမျိုးသမီးနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေထဲ အမျိုးသမီးနှစ်ဦးဟာ ဒဏ်ရာပြင်းထန်တာကြောင့် ပခုက္ကူဆေးရုံကို အရေးပေါ်ပို့ထားရပြီး ကျန်လက်နက်ကြီးတစ်လုံးကတော့ သစ်ပင်မှာချိတ်နေကာ မပေါက်ကွဲခဲ့ဘူးလို့ ရေးသားထားပါတယ်။
ရေစကြိုမြို့ပေါ်ရှိ ရုံးပေါင်းစုံထဲကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်နက်ကြီးတွေနဲ့ နေ့တိုင်း ရမ်းကားပစ်ခတ်နေကာ မတ်လ(၂၃)ရက်ကလဲ ပြည်သူ (၃)ဦးနဲ့ မတ်လ (၃၀)ရက်မှာ တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။