ဩဂုတ်လ (၅)ရက်။
မနေ့က ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ နေအိမ်တိုက်ခန်းတခုထဲ သက်ကြီးပိုင်းလင်မယားနှစ်ဦး ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီသတင်းတွေထံက သိရပါတယ်။
“ မနေ့က နံနက်(၈)နာရီခွဲလောက်မှာ ကမ်းနားအလယ်ရပ်ကွက်က တိုက်ခန်းတခုထဲမှာ လင်မယားနှစ်ဦး သွေးအိုင်တွေထဲ သေဆုံးနေတာကို တွေ့ရတာ။ ဘယ်လိုဖြစ်တယ်ဆိုတာကိုတော့ သေချာမသိရဘူး” လို့ ရပ်ကွက်နေသူတစ်ဦးက ဆိုပါတယ်။
သေဆုံးသူ လင်မယားနှစ်ဦးကို သူတို့နေထိုင်တဲ့ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်ရှိ အောင်ဇေယျအိမ်ရာ၊ တိုက်အမှတ် (၃၃)၊ အခန်း(၀၀၁)မှာ သွေးအိုင်တွေထဲ လဲကျနေတာကို တွေ့ရှိခဲ့တာလို့ သိရပါတယ်။
အဲ့ဒီလင်မယားနှစ်ဦးဟာ အသက် (၆၇)နှစ်အရွယ် ဦးအောင်မြင့်နဲ့ အသက် (၆၁)နှစ်အရွယ် ဒေါ်ခင်အေးရီတို့ဖြစ်ပြီး ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာတွေ၊ ထိုးသွင်းဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေတာလို့ သတင်းတွေက ဖော်ပြထားပါတယ်။
သေဆုံးသူတွေရဲ့ အငှားယာဉ်မောင်းဖြစ်သူ ကိုအောင်ကိုထိုက်ဟာ အုံနာခပေးဖို့ နေအိမ်ကို သွားရောက်တဲ့အချိန် သော့ခတ်ထားတာကြောင့် ချွေးမဖြစ်သူ မခင်ဆုယဉ်ကို သွားရောက်ပေးအပ်ခဲ့တယ်လို့ ရဲသတင်းတွေက ရေးသားထားပါတယ်။
အဲ့ဒီနောက် ချွေးမဖြစ်သူက ဖုန်းခေါ်ဆိုခဲ့ရာ ဖုန်းမကိုင်တဲ့အတွက် နေအိမ်ကိုလိုက်သွားခဲ့ပြီး အနောက်ဖက်တံခါးမှာ စေ့ထားတာကို တွေ့ရှိတဲ့အတွက် ၀င်ရောက်ခဲ့ရာက သေဆုံးနေတာကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အခုလို လင်မယားနှစ်ဦး သေဆုံးနေတာနဲ့ပတ်သက်ပြီး အသေးစိတ်ဖြစ်စဉ်ကိုတော့ မသိရသေးဘဲ ရန်ကုန်အပါအ၀င် မြို့ပြတွေမှာ အာဏာသိမ်းပြီးနောက် လုယက်သတ်ဖြတ်တာတွေဟာ ပိုမိုဆိုးရွားလာနေတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။