နိုဝင်ဘာလ (၅)ရက်။
ဖာပွန်ခရိုင်ထဲရှိ ခေါပုတ်စခန်းကနေ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းလုပ်ထုံးလုပ်နည်းနဲ့အညီ ကောင်းမွန်စွာ ဆေးကုသပေးထားတယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အောက်တိုဘာလကုန်ပိုင်းက KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ခေါပုတ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလို လိုက်လံရှင်းလင်းခဲ့ချိန် စစ်ကောင်စီတပ်သား (၁၇)ဦးကို လက်နက်တွေနဲ့အတူ အရှင်ဖမ်းမိခဲ့ပြီး BPLA က ရဲဘော်တစ်ဦး တိုက်ပွဲထဲ မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲ ခမရ(၃၄၀)က တပ်ခွဲမှူးတစ်ဦး၊ ခမရ(၃၄၁)က တပ်ခွဲမှူးတစ်ဦး၊ ခလရ(၁၉)က တပ်ခွဲမှူးတစ်ဦးနဲ့ ခမရ(၃၄၀)က ဆေးတပ်မှူးတစ်ဦးတို့ ပါဝင်တယ်လို့ ရေးသားထားပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့အချိန် ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို POW(Prison of War) စစ်သုံ့ပန်းလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကောင်းမွန်စွာ ဆေးကုသပေးထားတယ်လို့ KNU မူတြော်ခရိုင်က သတင်းဓါတ်ပုံနဲ့အတူ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ ခေါပုတ်စခန်းဟာ မဟာဗျူဟာအရ အရေးပါတဲ့ စခန်းတစ်ခုဖြစ်ပြီး အဲ့ဒီတပ်စခန်းကို ၁၉၉၂ခုနှစ်က လာရောက်တပ်စွဲခဲ့ကာ ဒေသထဲရှိ ပြည်သူတွေကို ညှင်းပန်းနှိပ်စက်တာ၊ ဖမ်းဆီးသတ်ဖြတ်တာနဲ့ ပေါ်တာဆွဲတာတို့ကို ပြုလုပ်နေတဲ့စခန်းဖြစ်တယ်လို့ သိရပါတယ်။