နိုဝင်ဘာလ (၅)ရက်။
အမည်မည်းစာရင်း(Black List)သွင်းထားသူတွေကို ပြည်ပထွက်ခွင့်မပြုမိစေဘဲ တားဆီးဖို့ကို စစ်ကောင်စီရဲ့လဝကဝန်ကြီး ဦးမြင့်ကြိုင်က မနေ့က ရန်ကုန်လေဆိပ်ကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီလဝကဝန်ကြီး ဦးမြင့်ကြိုင်ဟာ ရန်ကုန်လေဆိပ်ကို သွားရောက်စစ်ဆေးချိန် အမည်မည်းစာရင်းသွင်းထားသူတွေကို ပြည်ပထွက်ခွင့်မပြုမိစေဘဲ တားဆီးဖို့နဲ့ အမည်မည်းစာရင်းမရှိသူတွေကို မှားယွင်းတားဆီးတာ မရှိစေဖို့ ညွှန်ကြားခဲ့ပါတယ်။
လေဆိပ်ရှိ ဝန်ထမ်းတွေအနေနဲ့ လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အမြဲရှိကြဖို့နဲ့ ဆိုက်ရောက်ဗီဇာနဲ့ ရောက်ရှိလာတဲ့ ခရီးသည်တွေကို စိစစ်ခွင့်ပြုဖို့ ပြောဆိုခဲ့ပါတယ်။
နောက်ပြီး လဝကဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖြစ်စေဖို့နဲ့ နည်းပညာတတ်ကျွမ်းနားလည်အောင် ကြိုးပမ်းကြဖို့ စစ်ကောင်စီလဝကဝန်ကြီးက ညွှန်ကြားခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီရဲ့ ပြည်ပထွက်ခွင့်ပိတ်ပင်ခံထားရတဲ့ အောင်သမာဓိရွှေဆိုင်ပိုင်ရှင်ဟာ မန္တလေးလေဆိပ်ကနေ ပြည်ပထွက်ဖို့ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် လေဆိပ်လုံခြုံရေးတွေက ပတ်စ်ပို့သိမ်းကာ နေအိမ်ကို ပြန်လွှတ်ခဲ့ပါတယ်။
ဒါ့အပြင် ပြည်တွင်းမှာရှိတဲ့ ထင်ရှားကျော်ကြားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ပြည်ပထွက်ခွာခွင့်ရရှိဖို့ စစ်ကောင်စီထံ ကြိုတင်ခွင့်ပြုချက် တောင်းခံရမယ်လို့လဲ ညွှန်ကြားထားတယ်လို့ သိရပါတယ်။