မတ်လ (၆)ရက်။
မတ်လ (၂)ရက်နေ့ကစပြီး (၃)ရက်ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ ကောလင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၃)ဦးသေဆုံးခဲ့တယ်လို့ Kawlin-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မတ်လ (၂)ရက်နေ့က ကောလင်းမြို့၊ ကျောက်တန်းလမ်းဆုံရှိ သစ်ဖုလှဘုရားကုန်းကနေ ခံသာရွာကို အင်အား (၁၂၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီ (၃)ရက်ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ပြင်းထန်ခဲ့ပြီး မတ်လ (၄)ရက်နေ့ ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်တွေက ခံသာရွာကနေ ကျောက်တန်းရွာကို ပြန်ဆုတ်ခွာသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာ (၂)ကြိမ်ပြုလုပ်ခဲ့ပြီး ဗုံးသီး (၆)လုံးနဲ့ စက်လက်နက်တွေအသုံးပြုခဲ့တာကြောင့် ပြည်သူ့နေအိမ်အများအပြားနဲ့ အထကစာသင်ကျောင်းဆောင် (၂)ဆောင် ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်တွေကို တိုက်ထုတ်ရှင်းလင်းရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း (၃)လောင်း၊ MA-3 တစ်လက်၊ ကင်းထောက်ဒရုန်း (၁)စီးနဲ့ ငါကြင်းမြီးပြောင်းတစ်ခုအပြင် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီစစ်ကောင်စီစစ်ကြောင်းကို ကောလင်းခရိုင်အမှတ်(၁)တပ်ရင်း၊ အမှတ်(၄)တပ်ရင်း၊ ကောလင်းခရိုင်ပကဖနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ရေးတင်းမာနေတာကြောင့် အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်တယ်လို့ သိရပါတယ်။