ဇူလိုင်လ (၆)ရက်။
ဒီကနေ့ နံနက်ပိုင်းက စမ်းချောင်းမြို့ရှိ ကျွန်းလယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးစိုး(ခ)ခင်စိုး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကျွန်းလယ်အုပ်ချုပ်ရေးမှူး စိုးစိုး(ခ)ခင်စိုးဟာ ကြံခိုင်ရေးအမာခံဖြစ်ပြီး ရပ်ကွက်ထဲ ပျောက်နေတဲ့သူတွေကို စုံစမ်းပြီး ရဲသတင်းပေး ဖမ်းဆီးခိုင်းကာ ပြည်သူကို ဒုက္ခပေးနေတဲ့သူလို့ ဆိုပါတယ်။
စစ်ကောင်စီအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် စမ်းချောင်းမြို့ထဲ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက အင်အားအများအပြားနဲ့ စစ်ဆေးနေတာကြောင့် လူငယ်တွေ အသွားအလာ ဆင်ခြင်ကြဖို့ သတိပေးထားပါတယ်။
အခုလို စစ်ကောင်စီသတင်းပေး အုပ်ချုပ်ရေးမှူး စိုးစိုး(ခ)ခင်စိုးဟာ ရင်ဘတ်ကို သေနတ် (၄)ချက်ထိမှန်ပြီး သေဆုံးခဲ့ကာ အသေးစိတ်ကိုတော့ မကြာခင် ထပ်မံထုတ်ပြန်သွားမယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ပြင် ကျန်တဲ့ စစ်ကောင်စီသတင်းပေးလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ပြည်သူကို ဒုက္ခပေးပြီး စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နေသူနဲ့ သန်းခေါင်စာရင်းကောက်မယ့်သူတွေ သတိထားဖို့ကိုလဲ ဖော်ပြထားပါတယ်။
ကျွန်းလယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ ကျွန်းတောလမ်းထဲ လဖက်ရည်ဆိုင်ထိုင်နေချိန် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ရေးသားထားချက်အရ သိရပါတယ်။