ဩဂုတ်လ (၆)ရက်။
ဒီကနေ့ နံနက် (၈)နာရီ (၄၅)မိနစ်အချိန်မှာ မန္တလေးတက္ကသိုလ်ထဲ စစ်ကောင်စီတိုင်း၀န်ကြီးချုပ်နဲ့ ပညာရေး၀န်ကြီးတို့ လာရောက်ချိန် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ်(၁၅)တပ်ရင်းထံက သိရပါတယ်။
စစ်ကောင်စီပညာရေး၀န်ကြီးဌာနက ပြုလုပ်တဲ့ မန္တလေးတက္ကသိုလ်ထဲ အထက်မြန်မာပြည် ကျောင်းပေါင်းစုံစာဖတ်စွမ်းရည်ပြိုင်ပွဲကို စစ်ကောင်စီတိုင်း၀န်ကြီးချုပ်နဲ့ ပညာရေး၀န်ကြီးတို့ တက်ရောက်ဖို့ရှိနေတာလို့ ဆိုပါတယ်။
အဲ့ဒီအတွက်ကြောင့် ရွှေဘိုခရိုင်တပ်ရင်း(၁၅)လက်အောက်ခံ CM-SRDF လက်ရွေးစင် အမျိုးသမီးရဲဘော်တွေက တက္ကသိုလ်ထဲ စီးနင်း၀င်ရောက်ပြီး တိုက်မိုင်း (၂)လုံးနဲ့ တပြိုင်ထဲ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလိုတိုက်ခိုက်တဲ့အထဲ တော်လှန်ရေးရဲဘော်တွေအနေနဲ့ စစ်ရေးပစ်မှတ်ဖြစ်တဲ့ စစ်ဘက်ဆိုင်ရာ အစောင့်တပ်သားတွေနဲ့ ၀န်ကြီးတွေကိုသာ အဓိကထား တိုက်ခိုက်ခဲ့တာလို့ ရေးသားထားပါတယ်။
စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကျောင်းသားနဲ့ ဆရာ၊ ဆရာမတွေ မထိခိုက်စေဖို့ အထူးသတိပြုကာ စစ်ဆင်ရေးဖော်ဆောင်ခဲ့ကြပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် အဲ့ဒီတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးတဲ့စာရင်းကို စုံစမ်းနေဆဲဖြစ်ကာ သိရှိရပါက ထပ်မံအသိပေးသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။