ဇွန်လ (၇)ရက်။
မန္တလေး အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းသားဦးရေ စုပြုံများပြားနေတာကြောင့် အနေအထိုင်အခက်အခဲတွေ ရှိနေကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် ဖမ်းဆီးတာတွေကြောင့် အိုးဘိုအကျဉ်းထောင်ထဲ လူဦးရေဟာ များပြားလွန်တဲ့အတွက် ကျောတစ်ခင်းစာနေရာမှာပဲ ကျပ်တည်းစွာအိပ်နေရတယ်လို့ ဆိုပါတယ်။
မန္တလေးဗဟိုအကျဉ်းထောင်က အကျဉ်းသား (၅၀)ခန့်သာ ပုံမှန်ထားလေ့ရှိတဲ့အဆောင်တွေထဲ လူဦးရေ (၁၀၀/၁၅၀)ခန့်နဲ့ စုပြုံကာထားနေပြီး ထပ်ခိုးရှိတဲ့ အဆောင်ခန်းတွေမှာ (၂၀၀)ဦးခန့်အထိ စုပြုံထားတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ညအိပ်ယာဝင်ရင်လဲ တယောက်နဲ့တယောက် ထပ်လုနီးပါးအိပ်ရပြီး နွေရာသီတွေမှာ အပူဒဏ်ကိုခံစားရသလို မိုးရွာသီမှာလဲ အဝတ်အစားတွေ ခြောက်ဖို့ခဲရင်းတာ၊ အဝတ်အထည် လုံလောက်စွာမရှိတာတွေကြောင့် ယားနာပွေးဝဲတွေ ပေါက်နေတယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် နေရာကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသူတစ်ဦးနဲ့ အခြားအမှုအကျဉ်းသူတစ်ဦးတို့ စကားများခဲ့ကြကာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသူကို တိုက်ပိတ်ခဲ့တာတွေရှိတယ်လို့ ပြောဆိုထားပါတယ်။
အခုလို နေရာမလုံလောက်တာကြောင့် အမျိုးသမီးအဆောင်က ကိုယ်ဝန်သည်အကျဉ်းသူတွေနဲ့ ကလေးတွေဟာလဲ အပူနာတွေနဲ့ မိတ်ဖုတွေ စွဲကပ်ခံစားနေကြရတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။