စက်တင်ဘာလ (၇)ရက်။
မနေ့က ညနေပိုင်းကစပြီး လားရှိုးမြို့ရှိ အရေးပေါ်လိုအပ်နေတဲ့ အများသူငှာနေရာတွေနဲ့ စက်ရုံအချို့မှာ လျှပ်စစ်ဓါတ်အား ပြန်လည်ရရှိပြီဖြစ်တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တိုက်ပွဲတွေကြောင့် ပျက်စီးသွားတဲ့ လျှပ်စစ်ဓါတ်အားပေးစက်တွေနဲ့ အဆောက်အဦးတွေကို သက်ဆိုင်ရာဌာနတွေက တစ်လကျော်ကြာ ပြုပြင်ပြီးနောက် အချို့နေရာတွေမှာ လျှပ်စစ်ဓါတ်အား ပြန်လည်ရရှိပြီလို့ ဆိုပါတယ်။
လျှပ်စစ်ဓါတ်အားလိုင်း အများအပြား ပျက်စီးခဲ့ပြီး မရှင်းလင်းရသေးတာကြောင့် အခုအဆင့်မှာ အရေးပေါ်နေရာတွေနဲ့ စက်ရုံအချို့ကို ပထမဆုံး ဓါတ်အားပေးဝေခဲ့တာဖြစ်ပြီး နောက်တဆင့်မှာတော့ ဓါတ်အားဖြန့်ဖြူးတာကို တဖြေးဖြေး ချဲ့ထွင်သွားမယ်လို့ ဖော်ပြထားပါတယ်။
ဓါတ်အားသုံးစွဲတဲ့ အခြေအနေပေါ် အခြေခံပြီး မြို့ပြဧရိယာနေသူတွေနဲ့ ဓါတ်အားတွေ အမြန်ဆုံး လုံခြုံတည်ငြိမ်စွာ သုံးစွဲနိုင်ဖို့နဲ့ ဓါတ်အား အပြည့်အ၀ရရှိဖို့ ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် လားရှိုးပြည်သူတွေနဲ့ ပူးပေါင်းကာ ဓါတ်အားနဲ့ ကွန်ရက်တွေ ပြန်လည်ရရှိနေတဲ့အတွက် ပြည်သူတွေရဲ့ စား၀တ်နေရေး၊ စီးပွားရေး၊ ပညာရေးနဲ့ အခြားကဏ္ဍတွေ ပြန်လည်တည်ဆောက်ရေးဟာ အရှိန်အဟုန်မပျက် ဆက်လက်တိုးတက်ပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီကို ဦးတည်သွားမယ်လို့ ပြောဆိုထားပါတယ်။
လားရှိုးမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ကဏ္ဍပေါင်းစုံမှာ လုပ်ဆောင်ခဲ့ပြီး ဆေးဘက်ဆိုင်ရာ ကျန်းမာရေးကုသမှုနဲ့ ဆက်သွယ်ရေးကွန်ရက်တွေ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီလို့ MNDAA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။